စတီဖင်ကင်းဆိုတာ ရုပ်ရှင်မင်းသားတစ်ဦးတော့ မဟုတ်။ ဒါပေမယ့်လည်း ကမ္ဘာကျော်ရုပ်ရှင်တွေအကြောင်းပြောတဲ့အခါ သူ့နာမည် ပါလာတတ်ပါတယ်။ စတီဖင်ကင်းဆိုတာ ကမ္ဘာကျော် သဘာဝလွန်စိတ်ကူးယဉ် ဝတ္ထုတွေ ၊ မှုခင်းနဲ့ သည်းထိတ်ရင်ဖို ၊ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေရဲ့ ကလောင်ရှင်တစ်ဦးဖြစ်ပြီး သူ့ဝတ္ထုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းရာမှာ ထိပ်ထိပ်ကြဲအောင်မြင်မှုရစေခဲ့တာပါ။

King Of Horror အဖြစ် တင်စားခံရတဲ့ ကင်းရဲ့ စာအုပ်တွေဟာ စုစုပေါင်း အုပ်ရေသန်း ၃၅၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ ဘတ်ဆဲလား စာရေး ဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ဝတ္ထုတွေထဲကမှ ရုပ်ရှင်ပြန်ရိုက်ချိန်မှာ ဒေါ်လာသန်းရာပေါင်းများစွာ ဝင်ကြေးရခဲ့သလို အနုပညာအရလည်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကင်းရဲ့ ဝတ္ထုတွေထဲက အကောင်းဆုံးရုပ်ရှင်ကားတွေအကြောင်း ပြောရင် ဒီရုပ်ရှင်တွေကို ကျော်သွားလို့ မရပါဘူး။

(၅) The Shining (1980)

Jack Nicholson In 'The Shining'

Photo: IMDb

သည်းထိတ်ရင်ဖိုဝတ္ထုဘက်မှာ ဆရာတစ်ဆူဖြစ်တဲ့ စတီဖင်ကင်းရဲ့၁၉၇၇ ခုနှစ်ထွက် The Shining ဝတ္ထုကို ပြန်ရိုက်ထားတဲ့ ဒီဇာတ်ကားက အန္တရာယ်များလွန်းလို့ ဆိုပြီး အပိတ်တောင်ခံထားရတဲ့ စိတ္တဇကားတစ်ကားပါ။ ဂျက်ခ်တောရင့်ဆိုတဲ့ စာရေးဆရာနဲ့ သူ့မိသားစုဟာ ကော်လိုရာဒိုတောင်တန်းတွေက ချောင်ကျလှတဲ့ ဟိုတယ်တစ်ခုကို အမွေဆက်ခံဖို့ ရောက်လာခဲ့ပါတယ်။ အဲ့ဒီဟိုတယ်က အခြောက်အလှန့်ကြမ်းတယ်လို့ ရာဇဝင်ရှိတဲ့ ဟိုတယ်ပါ။ ဂျက်ခ်တို့ မိသားစု ဟိုတယ်ရောက်ပြီးနောက် ဖြစ်ခဲ့တဲ့ ခြောက်ခြောက်ချားချားဖြစ်ရပ်တွေ တွေ့ကြုံလာခဲ့ပုံကို ရိုက်ထားတာပါ။

(၄) Stand By Me (1986)

stand by me (1986)

Photo: Time

ကင်းရဲ့ အောင်မြင်မှု အထွဋ်အထိပ်ရောက်ခဲ့တယ်လို့ ဆိုနိုင်တဲ့ ၁၉၈၀ တစ်ဝိုက်မှာ ထွက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဂေါ်ဒီး ၊ ခရစ် ၊ တက်ဒီနဲ့ ဗန်းဆိုတဲ့ သူငယ်ချင်း ၄ ယောက်ဟာ တောထဲမှာ ဘလူးဘယ်ရီခူးနေရင်း ရထားတိုက်ခံရတဲ့ ရေးဘရိုဝါဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးရဲ့ အလေးကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီရုပ်ရှင်က ကင်းရဲ့ The Body ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာပါ။ ဒီဇာတ်လမ်းက ကြီးကောင်ဝင်စအရွယ်ကူးပြောင်းချိန်အနေအထားကို အသားပေးရိုက်ထားတာဖြစ်ပြီး အကယ်ဒမီဆန်ကာတင်ဆု ၊ ရွှေကမ္ဘာလုံးဆုနှစ်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။

(၃) The Dead Zone (1983)

The Dead Zone (1983)

Photo: fanart

သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကားအမျိုးအစား ဖြစ်တဲ့ The Dead Zone က ကိုးမားဖြစ်ရာကနေ ပြန်နိုးထလာပြီး စိတ်စွမ်းအင်တွေ ပိုင်ဆိုင်လာတဲ့ ဂျွန်နီစမစ်ဆိုတဲ့ ကျောင်းဆရာတစ်ယောက်ကို အခြေပြုထားတာပါ။ ဒီရုပ်ရှင်ထဲက ဇာတ်လမ်းဇာတ်ကွက်တွေကို အများက ချီးကျူးခဲ့ကြပြီး ငွေကြေးအရလည်း အောင်မြင်မှုရခဲ့ပါတယ်။

(၂) Carrie (1976)

Carrie (1976)

Photo: IMDb

စတီဖင်ကင်းကို ရုပ်ရှင်လောကမှာ အောင်မြင်ကျော်ကြားစေခဲ့တဲ့ ဇာတ်ကားတစ်ကားက Carrie ပါ။ ဒီကားက သဘဝလွန်ဖြစ်ရပ်ဆန်းတွေနဲ့ ထိတ်လန့်သည်းဖိုအမျိုးအစားပါ။ ကင်းရဲ့ ကိုယ်တွေ့ဖြစ်ရပ်ထဲက အမျိုးသမီးနှစ်ဦးရဲ့ ဖြစ်ရပ်ကို မှီးထားတယ်လို့ ဆိုကြပါတယ်။ Carrie ရုပ်ရှင်ဟာ နောက်ပိုင်း Horror ရုပ်ရှင်တွေပေါ် လွှမ်းမိုးမှုရှိခဲ့သလို Empire ရဲ့ ခေတ်အဆက်ဆက် အကောင်းဆုံးရုပ်ရှင် ၅၀၀ စာရင်းမှာ အဆင့် ၈၆ နေရာက ဖော်ပြခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ နောက်ပိုင်းမှာ လာမယ့် ကင်းရဲ့ ရုပ်ရှင် ၊ တီဗွီဇာတ်လမ်းပေါင်း ၁၀၀ ကျော်ရဲ့ အစလည်း ဖြစ်ပါတယ်။

(၁) The Shawshank Redemption (1994)

The Shawshank Redemption (1994)

Photo: hollywoodreporter

အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင်တစ်ယောက် ကိုယ့်မိန်းမနဲ့အငယ်အနှောင်း ဂေါက်သမားကို သတ်မှုနဲ့ မိန်းပြည်နယ် ရှောရှန့်ခ်အကျဉ်းထောင်ကြီးမှာ ထောင်ကျသွားခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ နောက်ခံစကားပြောခဲ့တဲ့ ရက်ဒ် (မော်ဂန်ဖရီးမန်း) ကို လူကြိုက်များခဲ့သလို အန်ဒီနေရာက သရုပ်ဆောင်သွားတဲ့ တင်မ်ရော်ဘင်းစ်ရဲ့ သရုပ်ဆောင်မှုစွမ်းရည်ကလည်း ရုပ်ရှင်တန်ဖိုးကို အမြင့်ဆုံး မြှင့်တင်နိုင်ခဲ့ပါတယ်။

Featured Photo: bigpicturefilmclub