ကျွန်တော်တို့နဲ့ ဘီလျံနာဖြစ်လာသူတွေအကြား တားဆီးထားတဲ့ အရာတွေက ဘာများ ဖြစ်မလဲ။ ဘယ်အရာတွေက သူတို့ကို ဘီလျံနာ ဖြစ်လာစေခဲ့သလဲ။ ဘီလျံနာတွေမှာ အမြဲ မြင်တွေ့ရတတ်တဲ့ သူတို့ရဲ့ စရိုက်လေးတွေက ဘာတွေ ဖြစ်မလဲ။
(၁) အလျှံတညီးညီး ပြင်းပြတောက်လောင်နေတဲ့ စိတ်ဆန္ဒ

Photo: Freepik
Burning Desire ဆိုတဲ့ စကားလုံးကို နပိုလီယံဟေးလ်က သူ့ရဲ့ နာမည်ကျော် Think and Grow Rich စာအုပ်မှာ တီထွင်သုံးစွဲခဲ့တာပါ။ ရိုးရိုးဆန္ဒတောင် မဟုတ်ပါဘူး။ မီးတောက်မီးလျှံလို တောက်လောင်ကျွမ်းနေတဲ့ ပြင်းပြထက်သန်တဲ့ ဆန္ဒဖြစ်ပါတယ်။ တောက်ပစွာ လောင်ကျွမ်းနေတဲ့ အလိုဆန္ဒတွေကမှ ထူးကဲထင်ရှားတဲ့သူတစ်ယောက် ဖြစ်လာစေတယ်ဆိုတာ မှတ်ယူစေချင်ပါတယ်။
(၂) မျှော်မြင်စိတ်ကူးယဉ်မှု

Photo: Freepik
Dream ဆိုတဲ့ စကားကို ပေါ့ပေါ့လေး လို့ မတွေးလိုက်ပါနဲ့။ စိတ်ကူးယဉ်မှုလောက်မှ ကြီးကြီးမားမား မရှိသူဟာ အနာဂါတ်တစ်ခုဆီ ပုံဖော်ရာမှာ ဘယ်လိုလုပ် အားကောင်းမောင်းသန် ပုံဖော်နိုင်ပါ့မလဲ။ ဘာမှ ဖြစ်မလာခင်မှာ ကိုယ့်စိတ်မျက်လုံးထဲ အောင်မြင်မှုကို မြင်နေပြီး သွားဖို့ အဆင်သင့် ဖြစ်နေတဲ့သူဟာ မုချအောင်မြင်ဖို့ လမ်းစရနေသူလို့ ဆိုနိုင်ပါတယ်။
(၃) ထိရောက်တဲ့ အစီအမံ ၊ မှန်ကန်တဲ့ ခေါင်းဆာင်မှု

Photo: Freepik
ကိုယ့်ဒူးကိုယ်ချွန်နဲ့ ဘီလျံနာဖြစ်လာသူတွေဟာ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်တွေလည်း ဖြစ်ကြပါတယ်။ သူတို့တွေးတဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်မှုကလည်း အမြဲတမ်း Plan ကျကျ စီမံထားတာ ဖြစ်ပါတယ်။ထိရောက်တဲ့ အစီအမံနဲ့ ထက်မြက်မှန်ကန်တဲ့ ခေါင်းဆောင်မှုအရည်အသွေး ပေါင်းစပ်လိုက်ခြင်းက သူတို့ရဲ့အောင်မြင်မှုနဲ့ ချမ်းသာကြွယ်ဝရေး လမ်းကြောင်းကို ဖြောင့်တန်းစေတာလည်း ဖြစ်ပါတယ်။
(၄) စွဲမြဲထက်သန်တဲ့ဇွဲ

Photo: Freepik
အစပိုင်းမှာ ဘယ်သူမဆို ဒုံးကျည်တပ်အင်ဂျင်နဲ့ မိုးထိုးပျံသန်းတော့မလောက် တက်ကြွတတ်ပါတယ်။ ရေရှည် ဇွဲနပဲနဲ့ မိုးထဲလေထဲ ရုန်းကန်ရတော့မယ်ဆိုမှ ဆက်လုပ်ချင်စိတ်မရှိဘဲ လက်လျှော့လိုက်သူတွေ များတာပါ။ ဘီလျံနာတွေကတော့ ဘယ်လောက်ပဲ နှေးပလေစေ မနားတမ်း စွဲမြဲခိုင်ကျည်တဲ့စိတ်နဲ့ အောင်မြင်မှုဆီ အရောက်ခရီးဆက်မယ်လို့ သံဓိဌာန်တင်ထားသူတွေ ဖြစ်ပါတယ်။
(၅) ဆုံးဖြတ်ချက် မှန်ကန်ခြင်း

Photo: Freepik
လူတိုင်း ဆုံးဖြတ်ချက်တွေ ချနေတာပါပဲ။ မတူတာက ဘီလျံနာတွေဟာ ဆုံးဖြတ်ချက်တစ်ခုကို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက အမြင်နဲ့ ချိန်ဆပြီး တိတိကျကျ ချမှတ်တဲ့အကျင့် ရှိတာပဲ ဖြစ်ပါတယ်။ ဘီလျံနာတွေဟာ ဘယ်သူ့ခေါင်းကို ယူသုံးရမလဲ သိပါတယ်။ ဘယ်အပိုင်းမှာ ဘယ်သူ့အကြံကို ယူပြီး ဘယ်သူ့အမြင်ကို ထည့်စဉ်းစားရမလဲဆိုတာကိုပါ ထိုးထွင်း သိတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ဆုံးဖြတ်ချက်မှန်အောင် ချမှတ်နိုင်ဖို့ အလေ့အကျင့်တွေ လုပ်ထားတတ်ပါတယ်။ ဒီလို အရည်အချင်းတွေကြောင့်ပဲ ဘီလျံနာဘဝကို ရောက်လာရတာ ဖြစ်ပါတယ်။
