ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျရောက်မယ့် ခရစ္စမတ်နေ့ကို Noël, Nativity, Xmas စသည်ဖြင့်လည်း ခေါ်ကြပါတယ်။ ခရစ္စမတ်ည ရောင်စုံမီးလုံးတွေနဲ့ ပျော်ဖွယ်ရာအခိုက်အတံ့တွေအကြားမှာ မမေ့နိုင်စရာခရစ္စမတ်သီချင်းတွေလည်း ဆိုရင်းနဲ့ ပျော်စရာနှစ်တွေ ဖြတ်သန်းခဲ့ကြဖူးမှာပါ။ ဒီတစ်ခေါက် ပြန်ညွှန်းချင်တာကလည်း လူကြိုက်များခဲ့တဲ့ ခရစ္စမတ်သီချင်းတွေထဲက တချို့အကြောင်း ဖြစ်ပါတယ်။

(၁) The Christmas Song (1961)

အဆိုတော် မဲလ်တော်မီနဲ့အတူ ရေးစပ်ထားတဲ့ နတ်ကင်းကိုးလ်ရဲ့ The Christmas Song သီချင်းဟာ ကိုးလ်ရဲ့ အအောင်မြင်ဆုံးမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီသီချင်းကို ကိုးလ်ဟာ အနည်းဆုံ ၃ ကြိမ်မက အသံသွင်းခဲ့ပြီး ၁၉၆၁ ခုနှစ် ဗားရှင်းက အကောင်းဆုံးလို့ ဆိုစမှတ်ရှိခဲ့ပါတယ်။

(၂) Have Yourself a Merry Little Christmas (1944)

ဒုတိယကမ္ဘာအတွင်းက ထွက်ခဲ့တဲ့ Meet Me In St.Louis ဂီတရုပ်ရှင်မှာ ပါခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ခေတ်ကြီးကလည်း စိတ်ပျက်စရာကောင်းနေသလို ဒီသီချင်းရဲ့ ပထမဆဗားရှင်းထဲက သီချင်းစာသားတွေကလည်း စိတ်မချမ်းသာစရာတွေ ပါနေလို့ MGM ရုပ်ရှင်ထုတ်လုပ်ရေးက ပြင်ရေးခိုင်းရာကနေ နာမည်ကျော်သွားခဲ့တာပါ။ Have Yourself A Merry Little Christmas ကို ဂျူဒီဂါးလင်းက ဆိုထားတာ ဖြစ်ပါတယ်။

(၃) Happy Xmas (War Is Over)

The Beatles အဖွဲ့ရဲ့ အဆိုတော် ဂျွန်လင်နွန်ရဲ့ အိပ်မက်တွေထဲက တစ်ခုက ဂန္ဓဝင်ခရစ္စမတ်သီချင်းတစ်ပုဒ် ဖန်တီးထုတ်လုပ်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လည်း သူရေးခဲ့တဲ့ Happy Xmas (War Is Over) သီချင်းဟာ အကောင်းဆုံးအားလပ်ရက်တေးတစ်ပုဒ်ဖြစ်ခဲ့သလို ကမ္ဘာ့ငြိမ်းချမ်းရေးရပါစေကြောင်း တောင်းဆိုချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

(၄) Rockin’ Around The Christmas Tree

၁၉၅၈ ခုနှစ်က ထွက်ခဲ့တဲ့ Rockin’ Around The Christmas Tree က ဘရန်ဒါလီးရဲ့ ပထမဆုံးအခွေပါ။ ၁၉၆၀ မှာ သူမရဲ့ နာမည်ရုတ်ချည်း ကျော်ကြားသွားချိန်ရောက်မှ အဲ့ဒီအခွေလည်း ပေါက်သွားခဲ့တယ်လို့ ဆိုရမှာပါ။ ဒီသီချင်းဟာ အခုထက်တိုင် လူကြိုက်များဆဲ ခရစ္စမတ်သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

(၅) Santa Claus Is Coming to Town

၁၉၃၄ ခုနှစ်မှာ ရေးသားခဲ့ပြီး ပထမဆုံး တင်ဆက်ခဲ့တာက အက်ဒီကန်တာရဲ့ ရေဒီယိုရှိုးမှာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကတည်း ပေါက်ခဲ့ပြီး နောက်ပိုင်းအဆိုတော်တွေလည်း ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြန်သီဆိုခဲ့ကြပါတယ်။ ၂၀၀၃ ခုနှစ်မှာ ဘရုစ်စပရင်းစတင်းနဲ့ ဘွန်းဂျိုဗီတို့လည်း ဆိုခဲ့ကြပါတယ်။ ဒီသီချင်းကလည်း ခရစ္စမတ် Charity Concerts တွေမှာ မပါမဖြစ် ပင်တိုင်သီချင်းလိုပါ ကျော်ကြားခဲ့တဲ့ သီချင်းကောင်းတစ်ပုဒ်ပါပဲ။

Featured Photo: billboard