၂၀၂၂ မှာ ဝါသနာအသစ်တစ်ခုအနေနဲ့ ဂစ်တာတီးစသင်မယ့် သူတွေရှိလား။ သီချင်းတွေကို ချစ်လို့ ဖြစ်ဖြစ် ၊ ဂီတတူရိယာတီးခတ်ခြင်းကို ဝါသနာပါလို့ပဲ ဖြစ်ဖြစ် ဂစ်တာတီးစသင်မယ်လို့ စဉ်းစားထားသူတွေအတွက် အသုံးဝင်စေမယ့် အကြံပြုချက်လေးတွေကို ပြောပြချင်ပါတယ်။

(၁) တစ်ဆင့်ချင်းသွားပါ

man playing guitar

Photo : Pexels

ဂစ်တာစတီးတဲ့သူတွေမှာ တွေ့ရလေ့ရှိတဲ့ အချက်တစ်ခုက ဂစ်တာကို မြန်မြန်တီးခတ်တက်ဖို့ စိတ်လောမိတာပါပဲ။ တကယ်တော့ ဂစ်တာတီးတယ်ဆိုတာ အသံထွက်ဖို့တစ်ခုတည်းမဟုတ်ပဲ ကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နိုင်ဖို့ အခြေခံသဘောတရားတွေကို ကောင်းကောင်းနားလည်ထားရမှာ ဖြစ်ပါတယ်။ ဂစ်တာနဲ့ ပတ်သတ်ပြီး သိထားရမယ့် အချက်တွေ ၊ chord တွေအကြောင်း ၊ လက် အထားအသို အရွေ့အပြောင်း ၊ လက် လေ့ကျင့်ခန်းတွေနဲ့ တီးခတ်ပုံစတိုင်တွေအကြောင်း စသည်ဖြင့် beginner တစ်ယောက်မှာ သိထားရမယ့် အခြေခံတွေကစပြီး တစ်ဆင့်ချင်းလေ့လာသွားရမှာပါ။

(၂) ကိုယ်ပိုင်ဂစ်တာတစ်လုံးဝယ်ပါ

man playing guitar

Photo : Unsplash

ဂစ်တာကိုကျွမ်းကျွမ်းကျင်ကျင် တီးတက်ဖို့ဆိုရင် ဂစ်တာနဲ့ လက် အဆက်မပြတ်နေဖို့ အရေးကြီးပါတယ်။ ဂစ်တာနဲ့ အမြဲလက်ပွန်းတတီး ထိတွေ့နေမှလည်း လေ့ကျင့်မှုတွေ ကောင်းကောင်းလုပ်နိုင်မှာပါ။ ဒါကြောင့် ဂစ်တာတီးစသင်မယ်ဆိုရင် ကိုယ်ပိုင်ဂစ်တာတစ်လုံး ရှိကိုရှိသင့်ပါတယ်။ ဈေးကြီးတဲ့ နိုင်ငံခြားဖြစ် ဂစ်တာအကောင်းစားတွေ မလိုပါဘူး။ ဈေးတန်ပြီး သက်တောင့်သက်သာနဲ့ တီးခတ်နိုင်မယ့် ဂစ်တာတစ်လုံးဆိုရင် လုံလောက်ပါပြီ။

(၃) Gauge သေးတဲ့ဂစ်တာကြိုး သုံးပါ

man playing guitar

Photo : Ellen Britton Guitar

Beginner တစ်ယောက်အနေနဲ့ ဂစ်တာစတီးချိန်မှာ လက်ချောင်းထိပ်လေးတွေ အသားမာမတက်သေးတဲ့အတွက် နာကျင်တာမျိုး ကြုံရတက်ပါတယ်။ အခုစတီးမယ့်သူတွေအတွက် လက်ချောင်းနာကျင်မှုကို လျော့နည်းစေဖို့ Gauge သေးတဲ့ ဂစ်တာကြိုး တစ်နည်းအားဖြင့် ပိုပါးလွှာတဲ့ ဂစ်တာကြိုးတွေကို သုံးပေးနိုင်ပါတယ်။ ပိုပါးတဲ့ ဂစ်တာကြိုးတွေက chord ကိုင်တဲ့အခါ အားစိုက်ပြီးဖိစရာမလိုတဲ့အတွက် လက်ချောင်းထိပ်လေးတွေ နာကျင်မှုကို သက်သာစေမှာပါ။

(၄) များများလေ့ကျင့်ပါ

man playing guitar
Photo : Spinditty

ဂစ်တာတီးစသင်တဲ့ သူချင်းတူရင်တောင်မှ များများလေ့ကျင့်မှုရှိတဲ့သူက ပိုပြီးတာသွားပါတယ်။ ဂစ်တာတီး ကျွမ်းကျင်မှုရှိဖို့ အဓိကအရေး ကြီးက လေ့ကျင့်မှုပါပဲ။ လေ့ကျင့်မှုများလေလေ ပိုပြီး ကျွမ်းကျင်လာလေ ဖြစ်ပါတယ်။ ဒါကြောင့် Beginner တွေအနေနဲ့ ဂစ်တာတီးသင်မယ်ဆို လေ့ကျင့်ဖို့ မပျင်းပါနဲ့။ များများလေ့ကျင့်ပါ။ တစ်ပတ်ကို ၁ နာရီ လေ့ကျင့်တာထက် တစ်ရက်ကို ၁၀ မိနစ်လောက် ပုံမှန်လေ့ကျင့်တာက ပိုပြီးထိရောက်မှု ရှိစေပါတယ်။ အဓိကအားဖြင့် နေ့တိုင်းပုံမှန် လေ့ကျင့်နေဖို့ပါပဲ။ တစ်ရက် ၁ နာရီ နေ့တိုင်း လေ့ကျင့်တယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။

Featured Photo : Mike McRitchie