ကိုရိုနာဗိုင်းရပ်စ်ကပ်ကာလအတွင်း အလုပ်တွေ အိမ်ရောက်လာတဲ့နောက် ကွန်ပျူတာနဲ့ တက်ဘလက်လို အလုပ်သုံး ၊ ပညာရေးသုံးထုတ်ကုန်တွေ ရောင်းအားတက်လာပါတယ်။ ဈေးကွက်သုတေသနကုမ္ပဏီ Gartner ရဲ့အဆိုအရ ၂၀၂၁ တတိယသုံးလပတ်အထိ သုံးလပတ် ၆ ပတ်ဆက်တိုက် PC တင်ပို့မှု မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

PC တင်ပို့မှု မြင့်တက်လာခြင်းနဲ့အတူ ကမ္ဘာပေါ်က ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္ပဏီကြီးတွေအတွက်လည်း အမြတ်အစွန်းနဲ့ ဈေးကွက်ဝေစု မြင့်သထက် မြင့်လာခဲ့ပါတယ်။ ဒီလို ဈေးကွက်အင်အားကြီးကြတဲ့ PC ကွန်ပျူတာကြီးတွေထဲက ကမ္ဘာ့အကြီးဆုံးကွန်ပျူတာထုတ်လုပ်တဲ့ကုမ္ပဏီ ၅ ခုအကြောင်း ဖော်ပြပေးလိုက်ပါတယ်။

(၁) Lenovo

Lenovo

Photo: yicai global

ဈေးကွက်ဝေစုအရ ကမ္ဘာ့အကြီးဆုံးကွန်ပျူတာကုမ္ပဏီကတော့ Lenovo ပါပဲ။ ဘေဂျင်းအခြေစိုက် ဒီကုမ္ပဏီဟာ လက်ပ်တော့ ၊ တက်ဘလက် ၊ PC ၊ စမတ်ထုတ်ကုန်တွေနဲ့ ကမ္ဘာတလွှားက Data Centers တွေအတွက်ပါ ထုတ်ကုန်တွေ ထုတ်လုပ်ပေးနေပါတယ်။ ၂၀၂၁ ဒုတိယသုံးလပတ်အတွင်း လက်ပ်တော့အလုံးရေ သန်း ၂၀ ကျော် ရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၂၃.၉% အထိ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒုတိယသုံးလပတ်မှာ လက်ပ်တော့အလုံးရေ ၁၇.၄ သန်း တင်ပို့ခဲ့တာ ဖြစ်ပြီး အရင်နှစ် ဒုတိယသုံးလပတ် ဈေးကွက်ဝေစုဟာ ၂၃..၆% ရှိခဲ့ပါတယ်။ Lenovo ကနေ နာမည်ကျော်တဲ့ ကွန်ပျူတာထုတ်ကုန်တွေထဲမှာ ThinkPad ၊ ThinkBook ၊ IdeaPad ၊ Yoga နဲ့ Legion စီးရီးတွေ ထွက်ထားပါတယ်။

(၂) HP Inc

HP

Photo: datacenter knowledge

HP လို့ လူသိများတဲ့ Hewlett-Packard ဟာ အမေရိကန်အိုင်တီနဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီတစ်ခုဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် ပါလို အယ်လ်တိုမှာ ရုံးစိုက်ပါတယ်။ HP Inc ဟာ ၂၀၂၁ ဒုတိယသုံးလပတ်မှာ လက်ပ်တော့အလုံးရေ ၁၈.၅၉ သန်းကျော် ရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၂၂.၂% ရရှိခဲ့ပါတယ်။

HP ဟာ လက်ပ်တော့အပြင် ပရင်တာတွေလည်း ထုတ်ပါတယ်။ နာမည်ကျော် Personal Computers မော်ဒယ်တွေက Envy ၊ Elitebook ၊ Pavilion ၊ Omen နဲ့ Pavilion Gaming တို့ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ HP ရဲ့ အကြီးဆုံး ဈေးကွက်ကြီး ဖြစ်ပြီး ဈေးကွက်ဝေစုရဲ့ ၃၀% နီးပါးကို ပိုင်ဆိုင်ပါတယ်။

(၃) Dell

Dell

Photo: new indian express

နောက်ထပ် ကမ္ဘာ့ထိပ်တန်း အမေရိကန်လက်ပ်တော့ နည်းပညာကုမ္ပဏီတစ်ခုက Dell ကုမ္ပဏီဖြစ်ပါတယ်။ Dell ဟာ လက်ပ်တော့အပြင် Touch Screen PCs ၊ Desktops ၊ Servers ၊ Storage ၊ Monitors နဲ့ Gaming ပစ္စည်းတွေ ထုတ်လုပ်ပါတယ်။ Dell Technologies ကနေ ၂၀၂၁ ဒုတိယသုံးလပတ်မှာ လက်ပ်တော့အလုံးရေ ၁၃.၉၇ သန်း အထိ ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၁၆.၇% ရထားပါတယ်။

(၄) Apple

Apple laptop

Photo: dezeen

တန်ဖိုးကြီး နည်းပညာထုတ်ကုန်တွေ နဲ့ နာမည်ကျော်တဲ့ Apple ဟာ ကမ္ဘာ့ကွန်ပျူတာတင်ပို့မှုမှာ အဆင့် ၄ နေရာက ရှိပါတယ်။ ၂၀၂၁ ဒုတိယသုံးလပတ်မှာ Apple ကနေ ကွန်ပျူတာပေါင်း ၆.၁၅ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၇.၄% ပိုင်ဆိုင်ခဲ့ပါတယ်။ Apple ရဲ့ iMac ၊ iMac Pro ၊ MacBook Air နဲ့ MacBook Pro တို့ဟာ ဆန်းသစ်ထူးခြားတဲ့ဒီဇိုင်းနဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကြောင့် လူကြိုက်များကြပါတယ်။

(၅) Acer

Acer-Inc

Photo: science post

ထိုင်ဝမ် Hardware နဲ့ အီလက်ထရွန်းနစ်ကော်ပိုရေးရှင်းတစ်ခုဖြစ်တဲ့ Acer Inc ဟာ လက်ပ်တော့ ၊ Desktop ၊ တက်ဘလက် ၊ စမတ်ဖုန်း ၊ မော်နီတာ ၊ ပရိုဂျက်တာနဲ့ Cloud Solutions တွေပါ ထုတ်လုပ်ပါတယ်။ မြောက်အမေရိကနဲ့ ဂျပန်တို့ဟာ Acer ရဲ့ PC ထုတ်ကုန်အတွက် အကြီးဆုံးဈေးကွက်နှစ်ခုလည်း ဖြစ်ပါတယ်။ Acer Group ဟာ ၂၀၂၁ ဒုတိယသုံးလပတ်မှာ ကွန်ပျူတာပေါင်း ၆ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ IDC က ဖော်ပြထားပါတယ်။

Featured Photo: dezeen