ဂီတရေစီးကြောင်းတွေထဲမှာ K-Pop လို့ ခေါ်တဲ့ ကိုရီးယားပေါ့ပ်ဂီတဟာ အထင်ကရဖြစ်နေပါပြီ။ ပေါ့ပ် ၊ ရော့ခ် ၊ ဂျက်ဇ် ၊ ဟစ်ပ်ဟော့ ၊ EDM ၊ Folk ၊ Classical စသည်ဖြင့် ဂီတရုပ်စုံ သဘင့်ဇာတ်ခုံကြီးပေါ်မှာ K-Pop ဂီတဟာ ပျော်ပျော်ကြီး ပွဲလယ်တင့်နေပြီ ဖြစ်လို့ အနုပညာအတန်းအစားအရ ကိုရီးယားဂီတသမားတွေကို ချန်ထားလို့ မရတော့ပါဘူး။

K-Pop ရေစီးကြောင်းတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်သလောက် ကမ္ဘာဖျော်ဖြေရေးလောကရဲ့ သည်းသည်းလှုပ်အားပေးမှုနဲ့ ရှေ့ဆက်နေပါတယ်။ ကမ္ဘာတလွှားမှာလည်း ကိုရီးယား K-Pop Fans သန်းပေါင်းများစွာ ရှိထားကြသလို K-Pop Band အဖွဲ့တွေလည်း နှစ်အနည်းငယ်အတွင်းမှာ အသစ်အသစ် ပေါ်ပေါက်လာခဲ့ပါတယ်။
ဒီလို ပေါ်ထွက်လာတဲ့ K-Pop အဖွဲ့တွေထဲက ၂၀၂၂ ခုနှစ်အတွက် ပေါ်ပြူလာအဖြစ်ဆုံး အဖွဲ့တချို့အကြောင်းကို မျှဝေတင်ဆက်ပေးချင်ပါတယ်။

(၅) Monsta X

monsta x

Photo: billboard

၂၀၂၂ ခုနှစ်ရဲ့ အကျော်ကြားဆုံး K-Pop အဖွဲ့တွေထဲမှာ Monsta X ကို နံပါတ် ၅ နေရာက ပြောရမယ် ထင်ပါတယ်။ တောင်ကိုရီးယားရဲ့ လူကြိုက်များတဲ့ ဒီအဖွဲ့ကို ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အဖွဲ့ရဲ့ ထူးခြားဆန်းသစ်တဲ့ Dynamic Style ၊ EDM ၊ Hip Hop နဲ့ Pop ဂီတပုံစံတွေက နာမည်ကြီးပါတယ်။

၂၀၁၅ မေလထဲမှာ Trespass သီချင်းနဲ့ တရားဝင်ဂီတလောကထဲ ဝင်ရောက်လာခဲ့ပြီး နာမည်ကြီးတောင်ကိုရီးယား Rapper နဲ့ ထုတ်လုပ်သူ Rhymer က ဒီသီချင်းကို ထုတ်လုပ်ခဲ့ပါတယ်။ Trespass ဟာ Monsta X ရဲ့ ကွဲပြားဆန်းသစ်တဲ့ စရိုက်ကို ပေါ်လွင်စေခဲ့ပါတယ်။ ဒီနောက်အဖွဲ့ရဲ့ ပထမဆုံးစတူဒီယိုအယ်လ်ဘမ်ဖြစ်တဲ့ The Clan ဟာ အမေရိကန် Billboard’s World Albums မှာပါ နေရာရခဲ့ပါတယ်။

အဖွဲ့ဝင် ၆ ဦး ရှိထားပေမယ့် စခဲ့တာက ၇ ဦးနဲ့ ဖြစ်ပါတယ်။ နောက်တော့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Wonho က ၂၀၁၉ အောက်တိုဘာ ၃၁ ရက်နေ့မှာ အဖွဲ့ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အခုချိန်အထိ အယ်လ်ဘမ် ၆ချပ် ထုတ်ခဲ့ရာမှာ ကိုရီးယားအယ်လ်ဘမ် ၃ ချပ် ၊ ဂျပန်အယ်လ်ဘမ် ၂ ချပ်နဲ့ အင်္ဂလိပ်လို အယ်လ်ဘမ် ၁ ချပ်လည်း ပါဝင်ခဲ့ပါတယ်။

(၄) NCT

NCT 127

Photo: NME

ကိုရီးယား K-Pop လောကထဲက စိတ်ဝင်စားစရာ အယူအဆတစ်ခုကို တင်သွင်းခဲ့တဲ့ NCT ဆိုတာ တကယ်က Neo Culture Technology ကို အတိုကောက် ခေါ်ထားတာပါ။ အခုချိန်မှာ အဖွဲ့ဝင် ၂၁ ဦးအထိ ရှိလာခဲ့ပြီး ကမ္ဘာတလွှားမှာ အဖွဲ့ငယ်လေးတွေအများကြီး ခွဲထားပြီး လှုပ်ရှားပါတယ်။

ပထမဆုံး NCT အဖွဲ့ကို ၂၀၁၆ ဧပြီလက စတင် ကြေညာခဲ့တာ ဖြစ်ပြီး အစက Mark နဲ့ Jaehyun ဆိုတဲ့ အဖွဲ့ဝင် နှစ်ဦးပဲ ရှိရာကနေ နောက်တော့ အဖွဲ့ဝင် ၇ ဦး ထပ်တိုးလာခဲ့ပါတယ်။ ဒုတိယယူနစ်အဖြစ် အဖွဲ့ခွဲပြီး လှုပ်ရှားခဲ့တာက NCT 127 ဖြစ်ပါတယ်။ NCT Brand ရဲ့ အောက်မှာမှ NCT Dream နဲ့ WayV တို့လည်း ရှိပါတယ်။ NCT 127 က ဆိုးလ်မှာ အခြေစိုက်ပြီး WayV အဖွဲ့ခွဲက တရုတ်မှာ ရှိပါတယ်။

ပထမဆုံး အယ်လ်ဘမ် NCT 2018 Empathy ကို ၂၀၂၁ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး ဒုတိယအခွေနှစ်ပိုင်းတွဲ NCT 2020 Resonance Pt.1 နဲ့ Pt.2 ဟာ နှစ်လအတွင်း အချပ်ရေ ၂.၆ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ NCT Group ဟာ Asia Artist Awards 2020 မှာ Grand Daesang Award ဆုကို ရရှိခဲ့ပြီး လက်ရှိ အကျော်ကြားဆုံး K-Pop အဖွဲ့တွေထဲက တစ်ဖွဲ့အဖြစ် ရပ်တည်နေပါတယ်။

(၃) Blackpink

blackpink

Photo:KpopStarz

K-Pop လို့ ပြောလိုက်ရင် လူတိုင်းလိုလို တွဲမြင်မိတတ်တဲ့ အဖွဲ့တစ်ဖွဲ့က ဆိုးလ်အခြေစိုက် နာမည်ကြီးအမျိုးသမီး K-Pop အဖွဲ့ Blackpink ပဲ ဖြစ်ပါတယ်။ Billboard Hot 100 စာရင်းဝင်တဲ့ Blackpink မှာ အဖွဲ့ဝင်တွေအဖြစ် Jisoo ၊ Jennie ၊ Rose’ နဲ့ Lisa တို့ဆိုရင် K-Pop ချစ်သူတိုင်းနဲ့ ရင်းနှီးပြီး ဖြစ်မှာပါ။ ဒီအဖွဲ့ဟာ YouTube ရဲ့ Billion Views Club လို့ ခေါ်တဲ့ ကြည့်ရှုမှုအကြိမ်ရေ သန်း ၁၀၀၀ ကျော် စာရင်းဝင်အဖြစ် ၂၀၁၉ နိုဝင်ဘာမှာ ရောက်ရှိခဲ့တဲ့ ပထမဆုံး K-Pop Group လည်း ဖြစ်ပါတယ်။

Ddu-Du Ddu-Du ဟာ ဒီအဖွဲ့ရဲ့ Hit အဖြစ်ဆုံး သီချင်းအဖြစ် လူတွေနားထဲ စွဲကျန်နေဆဲဖြစ်သလို သူတို့ရဲ့ ၂၀၂၀ မှာ ထွက်ထားတဲ့ The Album ဟာ အချပ်ရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး အမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့အနေနဲ့ ပထမဆုံးအကြိမ် အချပ်ရေ သန်းချီ ရောင်းရတဲ့ အယ်လ်ဘမ်ဖြစ်လာခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာလည်း Blackpink ဟာ မသိသူမရှိ ကျော်ကြားလာခဲ့ပါတယ်။
အခုဆို နာမည်ကြီး အနောက်တိုင်းအဆိုတော် Lady Gaga နဲ့တောင် ပေါင်းပြီး အယ်လ်ဘမ်ထုတ်တော့မယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီသတင်းကတော့ ဆက်ပြီး စောင့်ကြည့်ရမယ့်သတင်းမျိုးပါပဲ။

(၂) EXO

EXO

Photo: fanpop

ကိုရီးယား အမျိုးသား K-Pop အဖွဲ့ EXO က ၂၀၁၂ ခုနှစ်ထဲမှာ ဂီတလောကထဲ ဝင်ရောက်လာခဲ့တဲ့ အဖွဲ့ပါ။ ၁၀ နှစ်တာ ဂီတသက်တမ်းအတွင်းမှာ EXO ကို အားပေးတဲ့ ပရိသတ်တွေက သန်းပေါင်းများစွာ ရှိထားကြပါတယ်။ EXO အဖွဲ့ဝင်တွေထဲက Chanyeol ၊ Suho ၊ D.O Xiumin တို့က လောလောဆယ် စစ်မှုထမ်းနေကြပါတယ်။

အဖွဲ့အနေနဲ့ လတ်တလော လှုပ်ရှားမှုတွေ မရှိသေးပေမယ့် အဖွဲ့ဝင်တွေထဲက တစ်ကိုယ်တော်အခွေတွေ ထွက်ထားတာ ရှိပါတယ်။ EXO အဖွဲ့ဟာ Slowly ၊ Call Me Bat ၊ Love Me Right ၊ Monster ၊ Lotto စတဲ့ သီချင်းတွေနဲ့ ကမ္ဘာကျော်ပါတယ်။ UNICEF ကမ္ဘာ့ကုလသမဂ္ဂကလေးသူငယ်များ အရေးပေါ်ရံပုံငွေအဖွဲ့ သံတမန်တွေဖြစ်လို့ BTS လိုပဲ ဒီအဖွဲ့ကလည်း ကမ္ဘာ့အတိုင်းအတာနဲ့ နာမည်ပေါက်တဲ့ အဖွဲ့ ဖြစ်ပါတယ်။

(၁) BTS

BTS

Photo: VOX

BTS အဖွဲ့ဟာ Billboard Music Award ဆုရ ပထမဆုံး ကိုရီးယား K-Pop အဖွဲ့ ဖြစ်ပြီး လက်ရှိ အအောင်မြင်ဆုံးနဲ့ အကျော်ကြားဆုံး ကိုရီးယားအနုပညာရှင်အဖွဲ့လည်း ဖြစ်ပါတယ်။ တောင်ကိုရီးယားသမိုင်းမှာ ဒီအဖွဲ့ရဲ့ သီချင်းတွေဟာ ရောင်းအားအကောင်းဆုံး ဖြစ်ပြီး Twitter လူမှုကွန်ရက်မှာလည်း Followers ၁၀ သန်းကျော် ရှိထားပါတယ်။

BTS အဖွဲ့မှာ RM ၊ J-Hope ၊ Jimin ၊ V ၊ Jim ၊ Suga နဲ့ Jungkook ဆိုပြီး အဖွဲ့ဝင် ၇ ဦးပါဝင်ပါတယ်။ ကကွက်အသားပေး K-Pop စတိုင်ထဲမှာ Hip-Hop အငွေ့အသက် ဩဇာတွေ လွှမ်းမိုးနေတာက ဒီအဖွဲ့ရဲ့ ထူးခြားမှုပဲ ဖြစ်ပါတယ်။ BTS အဖွဲကို Bantan Boys ၊ Beyond The Scene လို့လည်း ခေါ်ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်ပေါ်ထွက်လာခဲ့တဲ့ BTS ဟာ K-Pop ဂီတကို ကမ္ဘာ့အဆင့် ဖျော်ဖြေရေးအနုပညာအဖြစ် လူသိများအောင် အောင်အောင်မြင်မြင်ပုံဖော်ခဲ့တဲ့ အဖွဲ့အဖြစ်လည်း ချီးကျူးခံထားရပါတယ်။

Featured Photo: VOX