ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာဘဲ ထင်မှတ်မထားတဲ့ ဖြစ်ရပ်တွေနဲ့ပဲ ကြုံတွေ့ရတဲ့အခါ မိမိစိတ်ကို ထိန်းထားနိုင်ဖို့က အရေးကြီးဆုံးပါပဲ။ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတာကြောင့် ကောင်းမွန်တဲ့ကိစ္စတွေ ကြုံတွေ့ရချိန်မှာ အတိုင်းမသိ ပျော်ရွှင်ဝမ်းမြောက်ခြင်းကို ခံစားရသလိုပဲ အဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရင်လည်း ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓာတ်ခွန်အား မွေးမြူဖို့လိုပါတယ်။

မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်လှမ်းဖို့ ကြိုးစားနေချိန်မှာ လက်လျော့ချင်စိတ်ပေါက်လာမယ်ဆိုရင် စိတ်ဓာတ်ခွန်အား ပြန်လည်နိုးထလာဖို့ တွန်းအားတစ်ခုတော့ လိုအပ်ပါလိမ့်မယ်။ ထိုတွန်းအားကတော့ စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးမယ့် သီချင်းကောင်းလေးတွေ နားထောင်ခြင်းပဲဖြစ်ပါတယ်။ ဘယ်လိုသီချင်းတွေက သင့်ကို စိတ်ဓာတ်ခွန်အားရစေမလဲဆိုတာ Kwee နဲ့ အတူတူစီးမျောနားဆင်ကြည့်လိုက်ရအောင်။

Hall Of Fame

ဒီသီချင်းလေးက သြဂုတ်လ ၂၀ ရက်နေ့ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့သီချင်းပါ။ သီချင်းဟောင်းလေးပေမယ့် အနက်အဓိပ္ပာယ်ပြည့်ဝပြီး အနှစ်သာရရှိတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ The Script လို့ အမည်ရတဲ့ အိုင်ယာလန်နိုင်ငံက ပေါ့ပ်ရော့ခ် အဆိုတော်အဖွဲ့က သီဆိုထားတာပါ။ သင့်ရဲ့ အိပ်မက်တွေပြည့်ဝအောင် အာရုံစူးစိုက်ကြိုးစားပါ။ ဘယ်တော့မှ လက်မလျော့လိုက်ပါနဲ့။ ကြိုးစားမယ်ဆိုရင် တောင်ကြီးတစ်တောင်ကိုတောင် သင် ရွေ့လျားပစ်နိုင်ပါတယ်။ ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာတဲ့အချိန်ထိ ထိုင်စောင့်မနေပါနဲ့။ အခုချက်ချင်းပဲ ကြိုးစားလိုက်ပါ စတဲ့ သီချင်းစာသားတွေက စိတ်ဓာတ်ကျနေတဲ့အချိန် အားဖြစ်အောင် ကူညီပေးနိုင်ပါတယ်။

Source: The Script YouTube Account

Remember The Name

ဒီသီချင်းကလည်း သီချင်းဟောင်းလေးပါပဲ။ ၂၀၀၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့သီချင်းပါ။ Fort Minor နဲ့ Featuring ကိုတော့ Styles of Beyond တို့ သီဆိုထားတဲ့ သီချင်းကောင်းတစ်ပုဒ်ပါ။ သီချင်းမြူးမြူးလေးနဲ့ နားထောင်လို့ကောင်းပြီး Alternative ဟစ်ဟော့ချစ်သူတွေ အသည်းစွဲကြိုက်နှစ်သက်ကြတဲ့ သီချင်းပဲဖြစ်ပါတယ်။

Source: Fort Minor YouTube Account

Best Of Me

Neffex သီဆိုထားတဲ့ Best Of Me သီချင်းကတော့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ထွက်ရှိခဲ့တဲ့သီချင်းပါ။ သီချင်းရဲ့ အဓိပ္ပာယ်ကတော့ ကိုယ့်ကိုယ်ကို အကောင်းဆုံးလူသားတစ်ယောက်ဖြစ်အောင် ကြိုးစားရင်း ကိုယ့်ရဲ့ ရည်မှန်းချက်အိပ်မက်တွေကို အရယူမယ်ဆိုတဲ့ ဆိုလိုရင်းဖြစ်ပါတယ်။

Source: NEFFEX Music YouTube Account

Fight Back

Fight Back ကတော့ မနှစ်ကမှ ထွက်ရှိထားတဲ့ သီချင်းပါ။ Neffex အဖွဲ့ကပဲ သီဆိုထားတာဖြစ်ပါတယ်။ ဟစ်ဟော့နဲ့ ရက်ပ် သီချင်းအမျိုးအစားပါ။ သင့်ကို အခြားသူတွေက မနာလိုစိတ်တွေနဲ့ သင် စိတ်ဓာတ်ကျသွားအောင် ဝေဖန်တိုက်ခိုက်တဲ့အခါ အဲ့ဒီစကားတွေကို နားယောင်လိုက်မှာလား။ နားမယောင်လိုက်ပါနဲ့။ မဖြစ်နိုင်ပါဘူးကွာ၊ ကြိုးစားမနေပါနဲ့ အပိုတွေပါပဲလို့ ပြောတဲ့စကားတွေကို ပြန်လည် တွန်းလှန်ပစ်ရင်း အောင်မြင်မှုကို အရယူလိုက်ပါ ဆိုတဲ့ ခွန်အားပြည့်စရာ စာသားတွေနဲ့ ပြည့်နေတဲ့ သီချင်းပါပဲ။

Source: NEFFEX Music YouTube Account

Firework

Katy Perry ရဲ့ Firework သီချင်းကိုလည်း သင့်ရဲ့ Playlist ထဲမှာ မထည့်ရသေးရင် ထည့်ထားလိုက်ပါဦး။ သီချင်းစာသားထဲမှာ ဟာရီကိန်းကြီးပြီးသွားရင် သက်တံ့ကို မြင်ရလိမ့်မယ်လို့ ဖွဲ့နွဲ့သီဆိုထားပါတယ်။ မြန်မာလို ဆီလျော်အောင် ပြန်ရရင်တော့ မုန်တိုင်းပြီးရင် လေပြေလေညှင်းလေးတွေ တွေ့ရလိမ့်မယ်ပေါ့။ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ တန်ဖိုးမရှိဘူးဆိုတဲ့ အတွေးတွေ ပယ်ဖျက်လိုက်ပါ။ သင်က မီးရှုးမီးပန်းလေးဖြစ်တယ်။ အစွမ်းကုန် လောင်ကျွမ်းတောက်ပလိုက်ပါ။ လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့အရည်အချင်းတွေရှိတာကြောင့် သင့်နေရာမှာ အခြားတစ်ယောက်ကို အစားထိုးလို့ ရမှာမဟုတ်ပါဘူးဆိုပြီး ခွန်အားဖြစ်စေမယ့် သီချင်းလေးပါပဲ။

Source: Katy Perry YouTube Official Account

Roar

Roar ကလည်း Katy Perry ရဲ့ အအောင်မြင်ဆုံး၊ လူကြိုက်အများဆုံး သီချင်းတွေထဲက တစ်ခုအပါအဝင်ပါပဲ။ “ငါ့မှာ ကျားရဲတစ်ကောင်လို တောက်ပတဲ့ မျက်ဝန်းတစ်စုံရှိတယ်။ ဘယ်သူတွေ ငါ့ကို ဘယ်လိုပဲ ဝေဖန်တိုက်ခိုက်ပြီး အထင်မြင်သေးနေပါစေ မဆုတ်မနစ်တဲ့ဇွဲနဲ့ ကြိုးစားရင်း ငါ့ရဲ့ အောင်မြင်မှုကို မင်းတို့ ကြားစေရမယ်” ဆိုတဲ့ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ သီချင်းလေးပါ။

Source: Katy Perry YouTube Official Account

လက်လျော့ချင်စိတ်ပေါက်လာတိုင်း စိတ်ဓာတ်ခွန်အားမြင့်တင်ပေးမယ့် သီချင်းလေးတွေ နားထောင်ရင်း ကျသွားတဲ့စိတ်ဓာတ်တွေကို ပြန်ကောက်တင်လိုက်ကြရအောင်။

ဘော်ဒါတို့ရော စိတ်ဓာတ်ကျရင် ဘယ်သီချင်းလေးတွေ နားထောင်ဖြစ်လဲဆိုတာ ပြန်လည်ဝေမျှပေးခဲ့ဦးနော်။