ရုပ်ရှင်လောကဟာ ‌ဒေါ်လာဘီလျံနဲ့ချီတန်တဲ့ စီးပွားရေးဆိုတာ ငြင်းမရပါဘူး။ ဒီနှစ်အတွက် Box Office ရဲ့ ဝင်ငွေကပဲ ဒေါ်လာ ၄.၄ ဘီလျံရှိတယ်လို့ Comscore ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။ ဒါတောင် COVID-19 ကပ်ဘေးကာလကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ထားတာကို ထည့်တွက်ကြည့်ရမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်ကနဲ့ စာရင် ၂၀၂၁ ခုနှစ် Domestic Box Office ရုံတင်ကြေးဟာ ၆၁% ထိုးကျသွားခဲ့တာပါ။ ၂၀၁၉ ခုနှစ်က Avengers: Endgame ၊ The Lion King နဲ့ Toy Story 4 တို့လို ဝင်ငွေကြမ်းတဲ့ရုပ်ရှင်တွေကြောင့် စုစုပေါင်း ဒေါ်လာ ၁၁.၃၉ ဘီလျံ ဝင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ၂၀၂၀ Domestic Box Office ဝင်ငွေကတော့ ဒေါ်လာ ၂.၂ ဘီလျံပဲ ရခဲ့တာ ဖြစ်ပါတယ်။

Domestic Box Office ဆိုတာ အမေရိကန်နဲ့ ကနေဒါတွေမှာ ရုံတင်လို့ရတဲ့ ဝင်ငွေဖြစ်ပြီး တခြားနိုင်ငံတွေကဆိုရင် Foreign Box Office လို့ ခေါ်ကြပါတယ်။ အခုတစ်ခေါက်မှာတော့ Box Office Mozo ဝက်ဘ်ဆိုက်အရ ၂၀၂၁ ခုနှစ်အတွက် ကမ္ဘာတလွှားက ရုံဝင်ကြေးအမြင့်ဆုံးရတဲ့ ရုပ်ရှင်ကား ၅ ကားအကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) Spider-Man: No Way Home

Marvel ရဲ့ ကောမစ်ကာရိုက်တာ Spider-Man နောက်ဆုံးထွက်ရုပ်ရှင် Spider-Man: No Way Home ဟာ Spider-Man စီးရီးမှာ ဒုတိယမြောက် ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရတဲ့ ရုပ်ရှင်ဖြစ်လာပါတယ်။ ၂၀၂၁ အတွက် ဒေါ်လာဘီလျံနဲ့ချီ ရုံဝင်ကြေးရတဲ့ တစ်ခုတည်းသော ရုပ်ရှင်လည်း ဖြစ်ပကါတယ်။ Columbia Pictures နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ ဒီရုပ်ရှင်ဟာ Global Box Office မှာ ဒေါ်လာ ၁.၀၈ ဘီလျံအထိ ရထားတာ ဖြစ်ပါတယ်။

Spider-Man: No Way Home မှာ Spider-Man ဇာတ်ကောင် ပီတာပါကားအဖြစ် တွမ်ဟော်လန်နဲ့အတူ ဇန်ဒါယာ ၊ ဘန်နီဒစ် ကမ်ဘာဘတ်ချ်တို့က တွဲဖက် သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ တွမ်ဟော်လန်ရဲ့ ရှေ့က Spider-Man: Homecoming (2017) နဲ့ Spider-Man: Far From Home (2019) တို့ရဲ့ အဆက်လည်း ဖြစ်ပါတယ်။ Spider-Man: Far From Home လည်း ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရပြီး အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။

(၂) The Battle At Lake Changjin

Global Box Office မှာ ဒေါ်လာ ၉၀၂ သန်းအထိ ဝင်ငွေရထားတဲ့ တရုတ်ရုပ်ရှင်ဖြစ်ပါတယ်။ The Battle At Lake Changjin ဟာ ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်တပ်တွေကို အနိုင်တိုက်ခဲ့တဲ့ တရုတ်စစ်သားတွေအကြောင်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ တရုတ်ရုပ်ရှင်တွေထဲမှာ ဒီနေ့အထိ ကုန်ကျစရိတ်အများဆုံး သုံးထားတဲ့ ရုပ်ရှင်ဖြစ်ပြီး စုစုပေါင်း ဒေါ်လာသန်း ၂၀၀ သုံးပြီး ရိုက်ကူးထားတာလို့ ဆိုပါတယ်။ Box Office မှာ ဒေါ်လာသန်း ၉၀၀ ကျော် ပြန်ဝင်တာကတော့ ဒီရုပ်ရှင်ရဲ့ အောင်မြင်မှုလို့ ဆိုရမှာပါ။

(၃) Hi, Mom

တရုတ်ဟာသဇာတ်မြူးရုပ်ရှင် Hi,Mom ဟာ မိသားစုချစ်ခြင်း ၊ မိခင်မေတ္တာနဲ့ စောင့်ရှောက်မှုတွေအကြောင်းကို ဇာတ်အိမ်တည်ထားတာပါ။ အမေဖြစ်သူ ကွယ်လွန်ပြီးနောက် ကြေကွဲပူဆွေးနေရတဲ့ ဂျီယာရှောင်းလင်ဟာ သူမအမေရဲ့ ငယ်ဘဝပုံစံနဲ့ ပြန်တွေ့ပြီး သူငယ်ချင်းတွေ ဖြစ်သွားခဲ့ပါတယ်။ ဒီကားက Global Box Office မှာ ‌ဒေါ်လာ ၈၂၂ သန်း ဝင်ထားပါတယ်။

(၄) No Time To Die

ဒန်နီယယ်ခရေ့ချ်ရဲ့ နောက်ဆုံးဂျိမ်းစ်ဘွန်းဇာတ်ရုပ်အဖြစ် သရုပ်‌ဆောင်ထားတဲ့ No Time To Die ရုပ်ရှင်ဟာ Global Box Office မှာ ဒေါ်လာ ၇၇၄ သန်း ရရှိထားပါတယ်။ MI6 ရဲ့ 007 ဘဝကနေ အနားယူထားတဲ့ ဂျိမ်းစ်ဘွန်းတစ်ယောက် ပြန်ပေးဆွဲခံရတဲ့ သိပ္ပံပညာရှင်တစ်ယောက်ကို ရှာဖို့ CIA က မိတ်ဆွေရဲ့ အကူအညီနဲ့ သူလျှိုဘဝကို ပြန်ရောက်လာရာကနေ ဘယ်လိုမျိုး စွန့်စားခန်းတွေ ကြုံတွေ့ရမလဲ ကြည့်ရမယ့် ရုပ်ရှင်ပါ။

(၅) F9: The Fast Saga

 

အောင်မြင်တဲ့ Fast & Furious ရုပ်ရှင်စီးရီးတွေရဲ့ အဆက်ဖြစ်တဲ့ F9: The Fast Saga မှာ မင်းသားကြီး ဗင်ဒီဇယ် ၊ မီချယ်လီ ရိုဒရီဂွက်စ် ၊ ချာလီးစ် သီယွန် တို့က သရုပ်ဆောင်ထားတာပါ။ ဒီရုပ်ရှင်ဟာ Global Box Office မှာ ဒေါ်လာ ၇၂၆ သန်း အထိ ရရှိထားပါတယ်။

Featured Photo: Forbes