ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးဟာ လူတွေရဲ့ ရုပ်ရှင်ကြည့်ရှုခံစားမှုကိုပါ ပြောင်းလဲစေခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေ ပိတ်သွားပြီးတဲ့နောက် Netflix လို ဗွီဒီယိုဇာတ်ကားပေါင်း သိန်းနဲ့ချီ ရှိတဲ့ ဒစ်ဂျစ်တယ်ရုပ်သံပလက်ဖောင်းတွေကို လူသုံးများလာခဲ့တာ အဆန်းတော့လည်း မဟုတ်ပါဘူး။ ဒီတစ်ခေါက်ကတော့ Netflix ပေါ်က လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့ ရုပ်ရှင်ကားတချို့အကြောင်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
(၅) Murder Mystery

Photo: top10about
၂၀၁၉ ခုနှစ်က ထွက်ခဲ့တဲ့ Murder Mystery ရုပ်ရှင်က သည်းထိတ်ရင်ဖိုမှုနဲ့ ဟာသစွက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုင်လီ နီဝါချက်ခ် ရိုက်ကူးထားတာ ဖြစ်ပြီး Netflix ပေါ်မှာ ကြည့်ရှုမှုအကြိမ်ရေ ၈၃ သန်းအထိ ရှိထားပါတယ်။ ဥရောပတိုက်ကို အပျော်ခရီးထွက်သွားတဲ့ နယူးယော့ခ်ရဲအရာရှိနဲ့ ဇနီးတို့ လူသတ်မှုအရှုပ်တော်ပုံမှာ ပါဝင်ခဲ့ရပုံကို ရိုက်ကူးထားတာပါ။ IMDb 6b နဲ့ Rotten Tomatoes ၄၃% ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
(၄) 6 Underground

Photo: top10about
Deadpool မင်းသားလို့ နာမည်ကြီးတဲ့ ရိုင်ယန်ရေးနိုးစ် ပါဝင်တဲ့ သိပ္ပံစိတ်ကူးယဉ်အက်ရှင်ကားပါ။ ကမ္ဘာကြီးရဲ့ မတူညီတဲ့ ထောင့်စွန်းတွေက လူ ၆ ယောက် သူတို့ရဲ့ ကွဲပြားခြားနားတဲ့အနာဂါတ်အတွက် အတိတ်ကို စုပေါင်းကပြီး ပြောင်းလဲဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ Netflix ပေါ်မှာ ကြည့်ရှုမှု ၈၃ သန်းရှိပြီး IMDb 6.1 နဲ့ Rotten Tomatoes 36% ရထားပါတယ်။
(၃) Spenser Confidential

Photo: top10about
ဒီရုပ်ရှင်က အက်ရှင်ဟာသဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ ဘော်စတွန်ရဲအရာရှိနှစ်ဦးအသက်ခံရတာကနေ ဇာတ်အိမ်စတင်ထားပါတယ်။ အသတ်ခံရတဲ့ ကိစ္စကို ဖော်ထုတ်ရင်းနဲ့ ရဲအရာရှိဟောင်း စပင်ဆာဟာ သူ့ဘော်ဒါ ဟော့ခ်နဲ့ တွဲပြီး အမှုလိုက်ပါတော့တယ်။ နာမည်ကြီး မင်းသား မတ်ခ်ဝဲလ်ဘာ့ခ် ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကို Netflix ပေါ်မှာ ကြည့်ရှုမှု ၈၅ သန်း ရှိပြီး IMDb 6.2 နဲ့ Rotten Tomatoes 37%ပေး ထားပါတယ်။
(၂) Bird Box

Photo: top10about
Netflix ပေါ်မှာ ဒုတိယလူကြည့်အများဆုံးရုပ်ရှင်ကတော့ Bird Box ဖြစ်ပါတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်အမျိုးအစားဖြစ်ပြီး လူတွေအချင်းချင်း မြင်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေကုန်တဲ့ အံ့အားသင့်စရာဖြစ်ရပ်နဲ့ ကြုံပြီးနောက် မာလွန်ရီဟာ သူမရဲ့ကလေးနှစ်ယောက်နဲ့အတူ အသက်ရှင်သန်ရေးအတွက် ရုန်းကန်တဲ့ ဇာတ်လမ်းပါ။ ဒီရုပ်ရှင်ကို Netflix ပေါ်မှာ ကြည့်ရှုသူ ၈၉ သန်း နဲ့ IMDb 6.6 ၊ Rotten Tomatoes 63% ရှိထားပါတယ်။
(၁) Extraction

Photo: top10about
နာမည်ကျော် အက်ရှင်မင်းသားကြီး ခရစ္စဟမ်းစ်ဝါ့ဒ် သရုပ်ဆောင်ထားတဲ့ အက်ရှင်ကားပါ။ နိုင်ငံတကာက အလိုရှိနေတဲ့ ဂန်းစတားတစ်ယောက်ရဲ့ပြန်ပေးဆွဲခံထားရကလေးကို ကယ်ထုတ်ရတဲ့ ကားဖြစ်ပါတယ်။ ဒီကားကို Netflix ပေါ်မှာ ကြည့်ရှုသူ ၉၉ သန်း ရှိထားသလို IMDb 6.7 နဲ့ Rotten Tomatoes 66% လည်း ရထားပါတယ်။
Featured Photo: Netflix
