ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အေဂျက်စ်အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိင်ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ စပါးအသင်းအနေနဲ့ နောက်ဆုံးလက်ကျန်မိနစ်မှ သွင်းယူခဲ့တဲ့ အသည်းခွဲဂိုးတွေနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ စပါးအသင်းဟာ အေဂျက်စ်အသင်းကို ပထမအကျော့ပွဲစဉ်မှာ (၁-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက် ဒုတိယအကျော့အဝေးကွင်းပွဲစဉ် ပထမပိုင်းအထိ (၂-ဝ) ဂိုးရလဒ်နဲ့ ရှုံးနိမ့်နေခဲ့ရာမှ မယုံကြည်စရာသွင်းဂိုးတွေနဲ့အတူ အိမ်ရှင် အေဂျက်စ်အသင်းကို အကောင်းဆုံးပြန်လည်ချေပနိုင်ခဲ့ကာ နှစ်ကျော့ပေါင်း (၃-၃) ဂိုးရလဒ်ဖြင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ရောက်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာစပါးအသင်းအတွက်တော့ အဝေးကွင်းမှာလည်းဖြစ်တဲ့အပြင် အရှုံးရလဒ်တွေရင်ဆိုင်နေရပေမယ့် အကောင်းဆုံးယှဉ်ပြိုင်အနိုင်ယူနိုင်ခဲ့တဲ့ စပါးအသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက တကယ်ကိုလေးစားစရာပါ။

Source : Premier League

အိမ်ရှင်အေဂျက်စ်အသင်းအနေနဲ့ ကတော့ ပထမအကျော့ပွဲစဉ်က ပွဲထွက်လူစာရင်းအတိုင်းပဲ အပြောင်းအလဲအများကြီးပြုလုပ်ခြင်းမရှိဘဲ ပွဲထွက်လာခဲ့ကာ ပွဲစဉ်ပထမပိုင်းမှာ ကစားပုံပိုမိုသေသပ်ခဲ့ပြီး ပွဲကိုဦးဆောင်ကစားနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ ပွဲကစားချိန် (၅)မိနစ်အတွင်းမှာပဲ အေဂျက်စ်နောက်တန်းကစားသမား ဒီလစ်ရဲ့ ထောင့်ကန်ဘော ခေါင်းတိုက်ဂိုးသွင်းယူခဲ့မှုကနေ ဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ထပ်မံပြီး ပွဲချိန် (၃၅) မိနစ်မှာပဲ အေဂျက်စ်အသင်း ကစားသမား ဇီယာ့ရှ်ရဲ့ အဝေးကစ်ကန်ချက်ကနေတစ်ဆင့် ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတင် ဦးဆောင်ဂိုး (၂) ဂိုးခွင့်ပြုခဲ့ရတဲ့ စပါးအသင်းအတွက်တော့ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ ဒုတိယပိုင်းမှာတော့ စပါးအသင်းအတွက် ကြီးမားတဲ့ပြောင်းလဲမှုကြီးတစ်ရပ် ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Source : Sky News

ဒုတိယပိုင်းစတင်ပြီး ပွဲချိန် (၅၅) မိနစ်မှာပဲ စပါးအသင်းကစားသမား လူးကပ်စ်မော်ရာက အသင်းအတွက်ပထမဆုံးသော ချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။ ထပ်မံပြီး ပွဲချိန် (၅၉) မိနစ်မှာ လူးကပ်စ်မော်ရာကပဲ ဒုတိယမြောက်သွင်းဂိုးကို ဆက်တိုက်သွင်းယူပေးခဲ့ပြန်ပါတယ်။ ချေပဂိုးတွေပြန်လည်ပေးခဲ့ရပြီးနောက် အိမ်ရှင်အသင်းအနေနဲ့ စပါးအသင်းကို ပြန်လည်တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရရှိတဲ့အခွင့်အရေးတွေတော့ မရရှိခဲ့ဘူးပဲ ဖြစ်ပါတယ်။ တစ်ဖက် (၂) ဂိုးစီ သရေရလဒ်နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန်မိနစ် (၉၀) ပြည့်လို့ နောက်ဆုံးလက်ကျန်မိနစ်ဖြစ်တဲ့ နာကျင်အချိန်ပို (၆) မိနစ်မှာ လူးကပ်စ်မော်ရာရဲ့ အသည်းခွဲခဲ့တဲ့ သုံးဂိုးမြောက်ဟက်ထရစ်သွင်းဂိုးနဲ့ အတူ အိမ်ရှင်အေဂျက်စ်အသင်းကို အနိုင်ယူကာ All English Final  ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ဟာ ၂၀၀၈ ခုနှစ်က ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူနဲ့ ချယ်လ်ဆီး ဗိုလ်လုပွဲအပြီး (၁၁) နှစ်ကြာမှာသာ ဒုတိယအကြိမ်မြောက် All English Final အဖြစ် မှတ်တမ်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

Source : Tottenham Hotspur