တော့တင်ဟမ်ဟော့စပါး နည်းပြမော်ရင်ဟိုဟာ ဘန်လေအသင်းနဲ့ပွဲစဉ်က ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယခုထက်ပိုမိုတိုးတက်လာဖို့တောင်းဆိုခဲ့ကြောင်း talksport က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီဟာ ဘန်လေအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာဖြစ်ပြီး ကွင်းလယ်မှာ အိုလီဗာစကစ်နဲ့အတူ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
Photo: talksport
ရှောင်ဒိုက်ချ်ရဲ့ဘန်လေအသင်းဟာ စပါးအသင်းကွင်းလယ်ကစားသမား ၂ ဦးဖြစ်တဲ့ အန်ဒွန်ဘီလီနဲ့ အိုလီဗာစကစ်တို့ကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပြီး မော်ရင်ဟိုရဲ့ ၅-၂-၃ ကစားကွက်မှာ ပါဝင်ကစားပေးခဲ့တဲ့ အန်ဒွန်ဘီလီဟာ ဘောလုံးလုယူနိုင်မှုနဲ့ ကြားဖြတ်လုယူနိုင်မှု တစ်ကြိမ်မှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
နည်းပြမော်ရင်ဟိုဟာ ၎င်းရဲ့ကစားကွက်ကို ၄-၂-၃-၁ ကို ပြောင်းလဲပစ်ခဲ့ပြီး အဲရစ်ဒိုင်ယာနဲ့အတူ ဂျီအိုဗန်နီလိုဆယ်ဆိုကို အန်ဒွန်ဘီလီရဲ့ နေရာမှာ လူစားဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ အန်ဒွန်ဘီလီဟာ ယခုရာသီမှာ ကြံ့ခိုင်မှုပြဿနာရှိနေသူဖြစ်ပြီး ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်တိုင်းလိုလို မိနစ် ၆၀ ကျော်အောင် ကစားခွင့်ရခဲ့တဲ့အချိန် မရှိသလောက်ရှားပါးသူဖြစ်ပါတယ်။
ဒါပေမယ့် မော်ရင်ဟိုက ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၆၃ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် အန်ဒွန်ဘီလီဟာ အင်္ဂလိပ်ဘောလုံးပြိုင်ပွဲမှာ ပိုမိုအရှိန်မြှင့်တင်ဖို့အတွက် ရသင့်တဲ့အချိန်ထက်တောင် ပိုရရှိခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Photo: talksport
“ပထမပိုင်းမှာ ကျွန်တော်တို့မှာ ကွင်းလယ်မရှိခဲ့ပါဘူး”
“ဟုတ်တာပေါ့။ ကျွန်တော် စကစ်အကြောင်းကို ပြောနေတာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူက ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ၂ နာရီ ကစားပေးထားတဲ့ အသက် ၁၉ နှစ်အရွယ်ပဲရှိသေးတဲ့ ကလေးဖြစ်နေလို့ပါ။ သူ့ကို လုံးဝပြစ်တင်ဝေဖန်မှာမဟုတ်ပါဘူ”
“ဒါပေမယ့် ကျွန်တော် ရှောင်လွှဲပြီးပြောနေမှာမဟုတ်ဘဲ အန်ဒွန်ဘီလီက ကွဲပြားခြားနားတဲ့အဆင့်ကို ရောက်လာဖို့အတွက် ရသင့်တဲ့အချိန်ထက် ပိုပြီး ရခဲ့တယ်လို့ ပြောရမှာပါ””ပရီးမီးယားလိဂ်က ခက်ခဲတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ပြီးတော့ ကစားသမားအချို့ဟာ မတူညီတဲ့လိဂ်မှာ အသားကျဖို့ အချိန်ကြာကြာယူရတယ်ဆိုတာ သိပါတယ်”
“ဒါပေမယ့် သူ့လိုမျိုး အလားအလာရှိတဲ့ကစားသမားကတော့ အခုသူပေးနေတာထက် ကျွန်တော်တို့ကို ပိုပြီးပေးရပါမယ်။ အထူးသဖြင့် ခင်ဗျား လူးကပ်စ်၊ လိုဆယ်ဆိုနဲ့ အခြားကစားသမားတွေ ကစားနေတာကို မြင်တွေ့ရတဲ့အခါမှာပေါ့။ ကျွန်တော် ပထမပိုင်းမှာ သူ့ဆီကနေ ပိုပြီး မျှော်လင့်ခဲ့တာပါ”
“ပထမဆုံးရာသီ၊ နိုင်ငံသစ်မှာ အံ့အားသင့်ဖွယ်ကစားသမားအများစုဟာ ကွဲပြားခြားနားတဲ့အကြောင်းပြချက်အတွက် ရုန်းကန်ခဲ့ရပါတယ်။ အရှေ့မှာလည်း သာဓကတွေ အများကြီးရှိခဲ့ပါတယ်”
“သူက အရမ်းကောင်းမွန်တဲ့ပါရမီရှိတဲ့ ကစားသမားပါ။ သူက ဒီထက်အများကြီးပိုကောင်းမွန်တာကို ပြုလုပ်နိုင်တယ်ဆိုတာကို သူ သိရပါမယ်။ ပြီးတော့ ကျွန်တော် သူ့ကို ကစားဖို့အတွက် အခွင့်အရေးမပေးနိုင်တော့ဘူးဆိုတာကိုလည်း သူ သိရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အသင်းက အများကြီးပိုပြီး အရေးကြီးလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။