တော့တင်ဟမ်ဟော့စပါးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြန်လည်စတင်မှာနဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေပြီး ၎င်းရဲ့ စပါးအသင်းဟာ ကစားချင်နေတယ်လို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၂၀၁၉-၂၀၂၀ ရာသီဟာ ဇွန်လ ၁၇ ရက်နေ့မှာ အက်စ်တွန်ဗီလာနဲ့ ရှက်ဖီးယူနိုက်တက်၊ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်တွေနဲ့ ပြန်လည်စတင်ယှဉ်ပြိုင်ဖို့အတွက် စီစဉ်ထားတာဖြစ်ပါတယ်။ပွဲစဉ်အားလုံးအပြည့်ကစားဖို့ကိုတော့ ဇွန်လ ၁၉ ကနေ ၂၁ ရက်နေ့အတွင်း သတ်မှတ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီရပ်ဆိုင်းခဲ့ရပြီးနောက် ၃ လကျော်အကြာမှာ ပရီးမီးယားလိဂ်ဟာ ပြန်လည်သက်ဝင်နိုးထလာပြီဖြစ်ပါတယ်။

Photo: Mirror

၂၀၁၉-၂၀၂၀ ရာသီကို အပြီးသတ်နိုင်ဖို့အတွက် စုစုပေါင်း ၉၂ ပွဲ ကစားဖို့ ကျန်ရှိနေသေးပြီး မော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းဟာ လက်ရှိအချိန်မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးလေးနေရာနဲ့ ၇ မှတ်အကွာ အဆင့် ၈ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကို တိုက်ပွဲဝင်နေဆဲဖြစ်တာကြောင့် နိုင်ငံတဝှမ်းမှာ ဘောလုံးရာသီပြန်လည်စတင်မှုအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း မော်ရင်ဟိုက Spurs TV ကို အခုလို ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့အားလုံး ပထမဆုံးပွဲစဉ် ရောက်လာတော့မယ်ဆိုတာကို ခံစားနိုင်နေပါပြီလို့ ထင်ပါတယ်။ ခင်ဗျား တခြားနိုင်ငံတွေကို ကြည့်လိုက်။ ဂျာမနီဆိုရင် သူတို့တွေ ပွဲတောင် ကစားပြီးနေကြပြီ။ ပေါ်တူဂီကလည်း ဒီအပတ် ပြန်စပြီ။ စပိန်က နောက်အပတ်။ ဘောလုံးက နေရာတကာမှာ ပြန်စတင်နေပါပြီ”

Photo: Goal.com

“ကျွန်တော်တို့က ခရစ်စမတ်လို ကာလမျိုးမှာတောင် ဘယ်တော့မှ မနားဘဲ အမြဲတမ်းကစားနေကျပါ။ ကျွန်တော်တို့ မကစားရတော့ နည်းနည်းထူးဆန်းတယ်လို့ ခံစားရပေမယ့် ပြန်ကစားဖို့ မီးစိမ်းပြတာကို ကျွန်တော်တို့ စိတ်ရှည်သည်းခံပြီး စောင့်ဆိုင်းနေပါတယ်”

“ကျွန်တော်တို့ ပြန်စတဲ့အချိန်မှာ အားလုံးကြောက်ရွံ့တဲ့အခိုက်အတံ့ရှိမှာပါ။ ရာသီက ကျော်လွန်သွားပြီလား။ နောက်လာမယ့်ရာသီက စက်တင်ဘာမှာ စမလား၊ အောက်တိုဘာလား၊ နိုဝင်ဘာလား ဘယ်သူသိနိုင်မလဲ ။ ဒါပေမယ့်လည်း ပြီးတော့ သံသယတွေ လျော့သည်ထက်လျော့လာတယ်။ အခုဆိုရင် ပွဲတွေ လာတော့မယ်လို့ ခံစားနေရပါပြီ။ ကျွန်တော်တို့ ကစားချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။