တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကြယ်ပွင့် အဲရစ်ဒိုင်ယာဟာ ပြီးခဲ့တဲ့လက ပရိသတ်တစ်ဦးနဲ့ အချင်းများခဲ့ပြီးနောက် မလျော်ကန်သောအပြုအမူကြောင့် အက်ဖ်အေရဲ့ အပြစ်ပေးအရေးယူခြင်းခံခဲ့ရပြီလို့ Metro က ဖော်ပြခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းက နောဝစ်ချ်အသင်းကို အက်ဖ်အေဖလားပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ မတ်လ ၄ ရက်နေ့ပွဲစဉ်အပြီးမှာ အဲရစ်ဒိုင်ယာက ပရိသတ်တစ်ဦးကို ထိပ်တိုက်တွေ့ဖို့ အကာအရံတွေကို ခုန်ကျော်ပြီး သွားရောက်ခဲ့တာဖြစ်ပါတယ်။

Photo: pinkun

အဲရစ်ဒိုင်ယာကို လုံခြုံရေးတွေက ဆွဲထုတ်သွားခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အက်ဖ်အေက အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ အပြစ်ပေးအရေးယူမှုနဲ့ ရင်ဆိုင်နေရကြောင်း အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။

“အဲရစ်ဒိုင်ယာဟာ အက်ဖ်အေရဲ့ စည်းမျဉ်းစည်းကမ်း E3 ကို ချိုးဖောက်မှုအတွက် မလျော်ကန်သောအပြုအမူကျူးလွန်ခြင်းနဲ့ အပြစ်ပေးအရေးယူခြင်းခံခဲ့ရပါတယ်”
“မတ်လ ၄ ရက် ၂၀၂၀ ဗုဒ္ဓဟူးနေ့မှာ နောဝစ်ချ်စီးတီးနဲ့ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီးမှာ တော့တင်ဟမ်ဟော့စပါးကွင်းလယ်ကစားသမားရဲ့ လုပ်ရပ်ဟာ မသင့်လျော်ကြောင်း သို့မဟုတ် ခြိမ်းခြောက်မှုဖြစ်ကြောင်း တွေ့ရှိခဲ့ရပါတယ်”

Photo ; ABC 14 News

“အဲရစ်ဒိုင်ယာဟာ တုံ့ပြန်မှု ပြုလုပ်ဖို့အတွက် မေလ ၈ ရက် ၂၀၂၀ သောကြာနေ့အထိ အချိန်ရရှိမှာပါ”လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ပရိသတ်နဲ့ထိပ်တိုက်တွေ့ခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ အဲရစ်ဒိုင်ယာက ယင်းပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ၎င်းရဲ့ညီဖြစ်သူကို နှုတ်အားဖြင့်စော်ကားနေတဲ့ပရိသတ်ကို တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။