လိုင်ယွန်အသင်းမှာခြေစွမ်းပြကစားနေခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဒွန်ဘီလီကို စပါးအသင်းမှခေါ်ယူလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။အသက် (၂၂) နှစ်အရွယ်ကစား သမားအန်ဒွန်ဘီလီဟာ ယခုနှစ်ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်အသင်း ၊ မန်စီးတီးအသင်းနဲ့ စပါးအသင်းတို့ရဲ့ အဓိကစိတ်ဝင်စားခြင်းခံနေရတာဖြစ်ပြီး လက်ရှိမှာတော့ ကာလကြာရှည်စွာပစ်မှတ်ထားနေခဲ့တဲ့စပါးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)ဖြင့်ခေါ်ယူနိုင်လိုက်ကြောင်း ထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။

Source : The Independent

အန်ဒွန်ဘီလီဟာ စပါးအသင်းနဲ့အတူ လာမယ့် (၂၀၂၅) ခုနှစ်အထိ (၆) နှစ်စာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဆုကြေးအပါအဝင်ဆိုရင်တော့ ယူရို သန်း(၇၀) ထိ မြင့်တက်လာနိုင်မှာဖြစ်ပါတယ်။ အန်ဒွန်ဘီလီဟာ၎င်းရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှစတင်ကာ အာမီယန်စ်အသင်းမှာ ကစားခဲ့တာပဲ ဖြစ်ပါတယ်။လိုင်ယွန်အသင်းကိုတော့ အာမီယန်စ်အသင်းမှာ တစ်ရာသီကစားပြီး ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်မှစတင်ပြောင်းရွှေ့လာခဲ့ကာခြေစွမ်းကောင်းတွေပြသနေခဲ့တာပဲ ဖြစ်ပါတယ်။

 

 

 

Source : Shutterstock

အန်ဒွန်ဘီလီဟာ လိုင်ယွန်အသင်းမှာကစားခဲ့တဲ့ဘောလုံး (၂) ရာသီအတွင်း ပြိုင်ပွဲစုံပွဲပေါင်း (၉၈) ပွဲအထိကစားခဲ့ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း လီဂူးပြိုင်ပွဲတွင် လိုင်ယွန်အသင်းကို တတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။စပါးအသင်းကတော့ ပြီးခဲ့တဲ့ကစားသမားအပြောင်းအရွေ့ကာလတွေမှာ ကစားသမားသစ်ခေါ်ယူခြင်းမရှိပဲ ယခုနှစ်နွေရာသီမှစတင်ကာ လိဒ်စ်အသင်းမှ အင်္ဂလန်လူငယ်ကစား သမား ဂျက်ကလက်ခ်နဲ့ ယခုဒုတိယမြောက်ခေါ်ယူတဲ့ကစားသမားအဖြစ် အန်ဒွန်ဘီလီကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။

 

 

Source : Football Extras

စပါးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက အေဂျက်စ်အသင်းမှ ကိုလံဘီယာနောက်ခံကစားသမား ဒါဗင်ဆန်ဆန်းချက်ဇ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၄၂) သန်းဖြင့်ခေါ်ယူခဲ့ဖူးပါတယ်။လက်ရှိ အန်ဒွန်ဘီလီကိုခေါ်ယူခြင်းဟာ ယခင်ဆန်းချက်ဇ်ကိုခေါ်ယူတဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် စပါးအသင်းသမိုင်းမှာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးအများဆုံးနဲ့တန်ဖိုးအကြီးမားဆုံး ကစားသမားတစ်ယောက်ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။