စပါးအသင်း နောက်ခံလူ ဆာဂီအော်ရီရာရဲ့ ညီဟာ တနင်္လာနေ့ မနက် ၅ နာရီဝန်းကျင်က ပြင်သစ်နိုင်ငံ Toulouse မြို့ နိုက်ကလပ်တစ်ခု အပြင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက်သား တွေ့ခဲ့ရတယ်လို့ Mirror သတင်းက ဆိုပါတယ်။
ခရစ္စတိုဖာ အော်ရီရာ အသက် ၂၆ နှစ်ဟာ ဗိုက်မှာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံးနေတာ ဖြစ်တယ်လို့ ပြင်သစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။ Toulouse မြို့ ဆင်ခြေဖုံးမှာ ရှိတဲ့ စက်မှုဇုံတစ်ခုအတွင်းမှ နိုက်ကလပ်ပတစ်ခုမှာ ပစ်ခတ်ခံရတာ ဖြစ်ပြီး Toulouse တက္ကသိုလ်ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့် အသက်မမှီခဲ့ပါဘူး။
Photo: Programme TV
ပြင်သစ်ရဲတပ်ဖွဲ့ဟာ သေနတ်သမားကို လိုက်ရှာနေပြီး အခုထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ ခရစ္စတိုဖာ အော်ရီရာဟာ စပါးနောက်ခံလူ ဆာဂီအော်ရီရာအောက် တစ်နှစ်ငယ်တဲ့ ညီတစ်ယောက် ဖြစ်ပါတယ်။ စပါးအသင်းကလည်း ပစ်ခတ်မှုမှာ သေဆုံးခဲ့သူဟာ အသင်းနောက်ခံလူ ဆာဂီရဲ့ ညီဖြစ်တယ်လို့လည်း အတည်ပြုထားပါတယ်။
“ဒီမနက်အစောပိုင်းက ဆာဂီအော်ရီရာရဲ့ ညီ ကွယ်လွန်ကြောင်းကို စိတ်မကောင်းစွာနဲ့ အတည်ပြုလိုက်ပါတယ်။” လို့ စပါးအသင်းက ထုတ်ပြန်ပါတယ်။
Source : talkSPORT
ခရစ္စတိုဖာအော်ရီရာဟာ တူးလော့စ်ရိုဒီယိုအသင်းမှာ အပျော်တမ်းကစားနေသူ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ သူဟာ ပြည့်တန်ဆာတစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ စွပ်စွဲခံရပြီး ပြင်သစ်မှာ အဖမ်းခံခဲ့ရဖူးပါတယ်။