တော့တင်ဟမ်ဟော့စပါးအသင်းက နယူးကာဆယ်အသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အဝေးကွင်းပွဲစဉ်အတွင်း စပါးနောက်ခံလူ ရီဂူလွန်ဟာ စိန့် ဂျိမ်းစ်ပါ့ခ်ကွင်းထဲက ပွဲကြည့်စင်မှာ ပရိသတ်တစ်ဦး အရေးပေါ်အသက်ကယ်နေရတာကို မြင်တွေ့ခဲ့ရပြီးနောက် ကွင်းလယ်ဒိုင်ဆီ အပြေးသွားပြီး မမျှော်လင့်ထားတဲ့အပြုအမူကို ပြုလုပ်ခဲ့ပါတယ်။

Sergio Reguilon

Photo: Evening Standard

ပထမပိုင်း ပွဲကစားချိန် မိနစ် ၄၀ မှာ အားပေးသံတွေနဲ့ ဆူညံနေတဲ့ စိန့် ဂျိမ်းစ်ပါ့ခ်ကွင်းကြီးထဲမှာ စိုးရိမ်ပူပင်သံတွေနဲ့ ငြိမ်သက်သွားခဲ့ပြီး ၂ သင်းစလုံးဟာ တာဝန်ရှိသူတွေကို အရှေ့ဘက်ပွဲကြည့်စင်မှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို ကြားဝင်ဖို့ သတိပေးခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်အသင်း ဆရာဝန် ပေါလ် ကတ်တာဆန်ဟာ ပွဲကို ခေတ္တ ဆိုင်းငံ့ပြီးနောက် နှလုံးရှော့ခ်ရိုက်စက်ကို ဆွဲရင်း ကွင်းတစ်ဖက်ကို ဖြတ်ပြေးသွားခဲ့ပြီး လဲကျနေတဲ့ ပရိသတ်ကို အရေးပေါ်အသက်ကယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကို ပွဲအပြီးမှာ စပါးနောက်ခံကစားသမား ရီဂူလွန်က Sky Sports နဲ့ တွေ့ဆုံရာမှာ အခုလိုပဲ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ “ကျွန်တော် လူတစ်ယောက် လဲကျသွားပြီး တစ်ယောက်က သူ့ကို ရင်ဘတ်ကို ဒီလိုမျိုးဖိနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော် အရမ်း လန့်သွားခဲ့ပါတယ်။ ကျွန်တော် ဒိုင်လူကြီးဆီသွားပြီး ဒိုင်ရေ ဟိုမှာ ကြည့်စမ်း။ ကျွန်တော်တို့ ဒီလိုအခြေအနေနဲ့ ဆက်မကစားနိုင်ဘူး။ ပွဲကို ရပ်လိုက်ပါလို့ ပြောခဲ့ပါတယ်။ ပြီးတော့ ဒိုင်လူကြီးနဲ့ စည်းကြပ်ဒိုင်က အဲဒီနေရာကို သွားခဲ့ကြပြီး ပွဲကို ရပ်တန့်ခဲ့ပါတယ်”

Newcastle United Fans

Photo: The Sun

“အခုတော့ သူ အဆင်ပြေသွားလောက်ပြီထင်တယ် ဟုတ်တယ်မလား။ လူတစ်ယောက်ရဲ့အသက်က အရာအားလုံးထက် ပိုပြီး အရေးကြီးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ စပါးအသင်းခေါင်းဆောင် ဟာရီ ကိန်းကလည်း ပရိသတ်တွေအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပြီး အလျင်အမြန်တုံ့ပြန်ခဲ့ကြတဲ့အတွက် ပရိသတ်တွေနဲ့ ဆေးဝန်ထမ်းတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။

“ပထမဆုံးနဲ့ နောက်ဆုံး ကျွန်တော်တို့ ပြောချင်တာက ပွဲကြည့်စင်က လူအတွက် အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ အဲဒါကို ကြည့်လို့ကောင်းတဲ့ မြင်ကွင်းမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့ သူ အခုဆို တည်တည်ငြိမ်ငြိမ်ဖြစ်သွားပြီလို့ ကြားပါတယ်။ အဲဒီတော့ ဆေးအဖွဲ့နဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်”

Newcastle’s club doctor Paul Catterson sprinted across the pitch with a defibrillator

Photo: Bestinau

“ကျွန်တော်တို့ဘက်ကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းက အရန်ခုံတန်းဘေးမှာ နှလုံးရှော့ခ်ရိုက်စက်တစ်ခု ရှိနေမှာပဲဆိုတာကို သိတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပွဲကြည့်စင်က ပရိသတ်တွေဆီမှာ ရှိလားတော့ ကျွန်တော်တို့ မသိခဲ့ပါဘူး။ အဲရစ် ဒိုင်ယာက သွားပြီး သူတို့ဆီမှာ ရှိလားလို့ မေးမြန်းခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမြင်ရတာ စိတ်နှလုံးထိခိုက်စရာဖြစ်ပြီး ကျွန်တော်တို့အားလုံးရော၊ ပရိသတ်တွေပါ သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Volavip