ဆယ်ကျော်သက်ဘဝကို ကျော်လွန်ပြီးတာနဲ့ ဘဝရဲ့အခက်အခဲတွေ ၊ လောကဓံတွေနဲ့ တာဝန်ဝတ်တရားတွေများတဲ့ လူငယ်ဘဝကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီလိုစိန်ခေါ်မှုများတဲ့ လူငယ်ဘဝဆိုတာ ရှေ့ဆက်လျောက်ရမယ့် ဘဝခရီးလမ်းတစ်လျောက်လုံးအတွက် အရေးကြီးဆုံးအချိန်လို့ပြောရင် မမှားနိုင်ပါဘူး။ ဆိုတော့ ရှေ့လျောက်ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်သွားနိုင်ဖို့ရာ ဆယ်ကျော်သက်ဘဝအလွန် လူငယ်အရွယ်ကနေ စတင်ပြောင်းလဲရမယ့်အရာတွေကို ပြောပြပေးချင်ပါတယ်။
(၁) ငြင်းပယ်တက်အောင်သင်ယူပါ
Photo : Freepik
သဘောကောင်းတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အားနာပြီးအရာရာတိုင်းကို လက်ခံခေါင်းညိတ်ပေးနေလို့တော့ မရပါဘူး။ သဘောကောင်းလွန်းရင် လူတွေရဲ့အသုံးချခံဖြစ်သွားနိုင်သလို ကိုယ့်စေတနာကို တန်ဖိုးမထားတက်တဲ့ လူတွေရဲ့ လိုသုံးလုပ်ခြင်းကိုလည်း ခံရနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ အားနာမှုကိုရှေ့တန်းမတင်ပဲ ငြင်းပယ်တက်အောင်လုပ်လည်း သင်ယူထားသင့်တာပေါ့။
(၂) ကျန်းမာရေးဂရုစိုက်ပါ
Photo : Freepik
ကျန်းမာရေးဆိုတာ လူတိုင်းအတွက် အရေးကြီးပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်မှ ဖြစ်ချင်တဲ့အိပ်မက်တွေ ရည်မှန်းချက်ပန်းတိုင်တွေဆီအရောက်သွားနိုင်မှာ ဖြစ်ပါတယ်။ အသက်ကြီးတဲ့အချိန်မှာ ကျန်းမာပျော်ရွှင်စွာ နေထိုင်သွားနိုင်ဖို့ရာလည်း လူငယ်အရွယ်ကတည်းက ကျန်းမာရေးအလေ့အကျင့်ကောင်းတွေကို မွေးမြူသွားရမှာပါ။ ဒါကြောင့် လူငယ်ဘဝကစပြီးစိတ်ကျန်းမာရေး ၊ ရုပ်ကျန်းမာရေးရေး နှစ်ခုစလုံးကို စတင်ဂရုစိုက်သွား ဖို့လိုအပ်ပါတယ်။
(၃) ညှိနှိုင်းပေါင်းသင်းတက်အောင်လေ့ကျင့်ပါ
Photo : Freepik
လူငယ်ဘဝကစပြီး လုပ်ငန်းခွင်ဝင်တာဖြစ်စေ ၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်တာဖြစ်စေ ပုံစံအမျိုးမျိုးသော လူတွေနဲ့ပေါင်းသင်းဆက်ဆံရတော့မှာ ဖြစ်ပါတယ်။ လူတွေနဲ့အဆင်ပြေအောင် ညှိနှိုင်းပေါင်းသင်းတက်မယ်ဆိုရင် ဘဝအတွက်ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ၊ အောင်မြင်မှုတွေရရှိနိုင်တယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါပဲ။ ဒါကြောင့် လူငယ်ဘဝကစပြီး လူတွေနဲ့ ညှိနှိုင်းပေါင်းသင်းတက်အောင် လေ့ကျင့်ထားဖို့ လိုအပ်တာပေါ့။
(၄) ရောင့်ရဲတင်းတိမ်တက်ပါစေ
Photo : Freepik
သူများတွေသုံးသလိုသုံးချင်တယ် ၊ ပစ္စည်းကောင်းကောင်းလေးတွေကိုင်ချင်တယ် ၊ သက်တူရွယ်တူတွေအချင်းချင်း အထင်ကြီးမှုကို ခံချင်ကြတာ လူငယ်တွေရဲ့သဘာဝပါပဲ။ သို့သော်လည်း ကိုယ့်ရဲ့ ဝင်ငွေနဲ့မမျှတဲ့ အရာတွေအတွက် ငွေကုန်ခံပြီး လူတွေရဲ့အထင်ကြီးမှုကိုလိုချင်နေရင်တော့ ဘဝမှာ ဆုံးရှုံးမှုနဲ့ စိတ်ဓာတ်ကျစရာတွေပဲ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်လက်ရှိဘဝကို ချစ်မြတ်နိုးတန်ဖိုးထားပြီး ကိုယ်ပိုင်ဆိုင်တဲ့အရာလေးတွေအပေါ်မှာ ရောင့်ရဲတင်းတိမ်တက်ဖို့လည်း သင်ယူထားရပါမယ်။