Negative People ကို မြန်မာဆန်ဆန် ပြောရရင် အဆိုးမြင်ဝါဒီများလို့ ပြောရမယ် ထင်ပါတယ်။ အရာရာကို အမှောင်ခြမ်းကပဲ မြင်တတ်တဲ့လူတွေလို့ ယေဘုယျပြောကြပေမယ့် Negative သမားတွေအကြောင်းကို သေချာပြန်ခွဲကြည့်ရင် အခုပြောမယ့် လက္ခဏာလေးတွေ ထွက်လာတာ တွေ့ရမှာပါ။

(၁) စိုးရိမ်စိတ်များလွန်းတယ်

Emotion Eggs

Photo: Unsplash

လူတိုင်း စိုးရိမ်သောကရှိကြတာပါပဲ။ တချို့ကိစ္စတွေကြောင့် သောကရောက်တယ်ဆိုတာ ပုံမှန်အခြေအနေပဲ ဖြစ်ပါတယ်။ Negative သမားတွေကတော့ နောက်တစ်ဆင့်ရောက်နေတဲ့သူတွေပါ။ သူတို့အတွက်တော့ ဘာမှ မဟုတ်တဲ့ကိစ္စလေးကအစ စိုးရိမ်သောကမကင်းစရာပါ။ ဒါကြောင့်ပဲ သူတို့ဟာ အရာရာကို သံသယမျက်စိနဲ့ ကြည့်တတ်ကြတာ ဖြစ်ပါတယ်။

(၂) သတင်းဆိုးတွေအကြောင်းပဲ ပြောတယ်

Person reading a newspaper

Photo: Unsplash

Negative ဖြစ်သူတွေမှာ တူညီတဲ့အချက်တစ်ချက် တွေ့ရတတ်ပါတယ်။ အဲ့ဒါက သတင်းဆိုးတွေ ၊ အပျက်အစီးတွေနဲ့ ထိတ်လန့်စရာတွေနောက်ပဲ လိုက်တာ ဖြစ်ပါတယ်။ မကောင်းတဲ့သတင်းတွေ ကြားရဖို့ အာရုံစိုက်တတ်ပြီး သတင်းဆိုးတွေအကြောင်း ပြန်ဖောက်သည်ချရတာပဲ ဝါသနာကြီးကြတတ်ပါတယ်။ တချိန်လုံး မကောင်းတဲ့အရာတွေ ဘယ်မှာ ဖြစ်နေသလဲ သိချင်စိတ်များနေရင် အဆိုးမြင်တဲ့သူဖြစ်ဖို့ ပိုအလားအလာများလာတာပါပဲ။

(၃) Comfort Zone မှာ သာယာတတ်ကြတယ်

Ruler and laptop on a desk

Photo: Unsplash

မျှော်လင့်ချက်တွေနဲ့ ကြိုးစားတတ်သူတွေဟာ စွန့်စားရမယ့်လမ်းလည်း မကြောက်တမ်းလျှောက်လှမ်းရဲတတ်ကြပါတယ်။ ဘဝမှာ အဆိုးမြင်တတ်တဲ့ ၊ ကြောက်စိတ်များပြီး အပျက်ဘက် တွေးတတ်သူတွေကတော့ နေမြဲအတိုင်း နေဖို့ကလွဲပြီး ဘာကိုမှ မစွန့်စားချင်တတ်ကြပါဘူး။ သူတို့အတွက် သက်တောင့်သက်သာရှိတဲ့ နေရာဟောင်းလေးမှာ နေတာက လုံခြုံပြီး အပြင်လောကဆိုတာ စိန်ခေါ်မှုတွေ ၊ မရေရာခြင်းတွေနဲ့ ရှုံးနိမ့်နိုင်ခြေတွေနဲ့ ပြည့်နေတယ်လို့ပဲ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။

(၄) တခြားသူတွေကို စိတ်ဓါတ်ကျစေတယ်

Inside Glass Room

Photo: Unsplash

အဆိုးမြင်မှုဟာ ဗိုင်းရပ်စ်လို ကူးစက်မှုရှိပါတယ်။ အဆိုးမြင်သူတွေကလည်း ဗိုင်းရပ်စ် သယ်လာသူတွေလိုပါပဲ။ သူတို့ဟာ တခြားသူတွေရဲ့ စိတ်အင်အား ၊ အချိန်နဲ့ အာရုံစိုက်မှုတွေကို စုပ်ယူဖျက်ဆီးတတ်ပါတယ်။ သူတို့ကိုယ်တိုင် မပျော်ရွှင်နိုင်သလို တခြားသူတွေရဲ့ စိတ်ပျော်ရွှင်မှုကိုလည်း ပျက်စီးစေသူတွေ ဖြစ်ပါတယ်။ သူတို့စိတ်ထဲမှာ နစ်မြုပ်နေတဲ့ သဘောထားခံယူချက်တွေက တခြားသူတွေရဲ့ တက်ကြွထက်သန်မှုကို လောင်မြိုက်စေတတ်တာကြောင့် ဒီလိုလူတွေနဲ့ ဝေးဝေးနေဖို့ ပြောကြားချင်ပါတယ်။

Featured Photo: lifehack