ဘဝဆိုတာ အရှုံးတလှည့်အနိုင်တလှည့် ကြုံစမြဲ ကစားဝိုင်းတစ်ခုပါပဲ။ ဘယ်လိုပဲ အရှုံးတွေနဲ့ ကြုံလာပါစေ။ လဲကနေ ပြန်ရုန်းထနိုင်ဖို့ အား လိုပါတယ်။ အရှုံးတွေ ၊ အခက်အခဲအကြပ်အတည်းနဲ့ မွန်းကြပ်မှုတွေ ကြုံလာချိန်မှာ တကျော့ပြန်ထနိုင်သူတွေက ချီးကျူးစရာကောင်းတဲ့လူတွေပါပဲ။ ဒီလိုလူတွေကို လေ့လာကြည့်ရင် အခုပြောမယ့် ထူးခြားမှုလေးတွေ တွေ့ရတတ်ပါတယ်။

(၁) အကောင်းမြင်တတ်ခြင်း

Be Optimistic

Photo: Unsplash

ဘဝမှာ ဆက်ပြီး ရှင်သန်နိုင်ဖို့ အကောင်းမြင်တတ်မှ ဖြစ်ပါမယ်။ အကောင်းမြင်တတ်ခြင်းဆိုတာ ဘယ်လိုအခြေအနေရောက်ရောက် မျှော်လင့်ချက်တွေရှိနေတာမျိုးပါပဲ။လောကဓံ အနိမ့်အမြင့် အတက်အကျတွေ အကြားမှာ ထက်သန်တဲ့စိတ်နဲ့ ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် အကောင်းမြင်စိတ်ရှိဖို့ လိုပါတယ်။ အကြပ်အတည်းတွေကနေ ရုန်းထွက်နိုင်သူတွေဟာ အခုပြောတဲ့ အကောင်းမြင်စိတ်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

(၂) အမှားကနေ အဖြေရှာတတ်ခြင်း

Find Your Fault

Photo: Unsplash

ရှုံးနိမ့်တယ်ဆိုတာ ဖြစ်မြဲ ဓမ္မတာပါ။ ဒါပေမယ့် အမှားတစ်ခုတည်းကိုပဲ ထပ်တလဲလဲ ကျူးလွန်နေရင်တော့ လူညံ့စာရင်းဝင်သွားပါလိမ့်မယ်။ အရှုံးတစ်ခုကြုံတိုင်း သင်ခန်းစာတစ်ခုအဖြစ် ပြောင်းနိုင်မှ အခက်အခဲတွေနဲ့ အရှုံးတွေကနေ ရုန်းထွက်နိုင်သူ ဖြစ်မှာပါ။ ဘယ်တော့မှ မမှားဖူးသူဆိုတာ မရှိပါဘူး။ အမှားကနေ သင်ခန်းစာထုတ်ပြီး ဘဝကို အကောင်းဆုံးတည်ဆောက်နိုင်သူပဲ အထက်ရောက်ပါတယ်။

(၃) စိတ်ဓါတ်ခိုင်မာပြတ်သားခြင်း

Determination

Photo: Unsplash

စွဲမြဲခိုင်မာတဲ့စိတ်ကို အရင်းခံပြီး အရှုံးကို အနိုင်ပြောင်းနိုင်ပါတယ်။ အောင်မြင်မှုပန်းတိုင် ရရှိသူတွေနဲ့ ရှုံးနိမ့်သူတွေအကြားမှာ အဓိက ပိုင်းခြားပေးလိုက်တာဟာ ပြင်းပြထက်သန်တဲ့စိတ်အဓိဌာန်ပါပဲ။ ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့လူတစ်ယောက်ကို အနိုင်ရဖို့ ခက်ပါတယ်။ လောကဓံလက်သီးတွေဟာ စိတ်ဓါတ်ပြတ်သားခိုင်မာသူကို လက်မြှောက်ပေးတတ်ပါတယ်။

(၄) စည်းကမ်းကောင်းခြင်း

Discipline

Photo: Unsplash

စည်းကမ်းကောင်းတယ်ဆိုတာ အစီအစဉ်ကောင်းတာပါပဲ။ ဒီတစ်ခေါက်အရှုံးကို နောက်တစ်ခေါက်မှာ အရင်းအနှီးအဖြစ် ပြောင်းနိုင်သူဟာ အရှုံးကို အနိုင်‌ပြောင်းဖို့ အစီအစဉ်ကောင်းရှိသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ စည်းကမ်းကောင်းသူဟာ ကိုယ်လုပ်မယ့်အလုပ်အပေါ် အာရုံထားတာ ၊ စနစ်နဲ့ လုပ်တာ ၊ ပြည့်ပြည့်စုံစုံ လေ့လာပြင်ဆင်ထားတာကို ခေါ်တာပါ။ အရှုံးကနေ အောင်မြင်မှုထုတ်ယူနိုင်သူတွေမှာ Self-Discipline လို့ခေါ်တဲ့ ပင်ကိုယ်စည်းကမ်းကောင်းတဲ့ စရိုက်တွေ့ရတတ်ပါတယ်။