ခရီးသွားခြင်းသည် စိတ်လက်အပန်းပြေစေပြီး စိတ်ဖိစီးမှုများကို ပြေလျော့စေတဲ့နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ကိုဗစ်ရဲ့လှိုင်းပေါင်းစုံနဲ့ ခရီးသွားဖို့ မဖြစ်နိုင်သေးတဲ့အခါ ခရီးသွားချစ်သူများအဖို့ စိတ်ထွက်ပေါက်တစ်ခုပိတ်သွားသလိုပါပဲ။
မိမိရဲ့ကျန်းမာရေး၊ လုံခြုံရေးကြောင့် ခရီးမသွားရဘဲ အိမ်တွင်းအောင်းနေရလို့ စိတ်မညစ်ပါနဲ့။ အခုဖော်ပြပေးမယ့်နည်းလမ်းများ အသုံးပြုရင်း ကိုယ့်အိမ်မှာနေရင်းနဲ့ပဲ ခရီးသွားနေရတဲ့ ခံစားချက်ကို ခံစားရစေမှာပါ။
မိမိရဲ့အိပ်ခန်းကို ဒီဇိုင်းတစ်မျိုးပြောင်းပြီး အလှဆင်ကြည့်ပါ
အရင်ခရီးသွားတုန်းက ဝယ်ခဲ့တဲ့အပြန်လက်ဆောင်ခရီးများနဲ့ မိမိအိပ်ခန်းကို အလှဆင်ပါ။ ဒါမှမဟုတ် သင့်ရဲ့အိပ်ခန်းကို ဟိုတယ်ခန်းကဲ့သို့ ပုံစံပြောင်းပြီး ဖန်တီးကြည့်လိုက်ပါ။ ခရီးသွားနေတဲ့ ခံစားချက်မျိုး ခံစားရပါလိမ့်မယ်။
အိမ်မှာနေရင်းနဲ့ပဲ ကမ္ဘာပတ်ပါ
အိုင်တီခေတ်ရဲ့ အားသာချက်ကတော့ အင်တာနက်လိုင်းကောင်းကောင်း ချိတ်ထားရုံနဲ့တင် ကမ္ဘာအနှံ့ခြေဆန့်လို့ရခြင်းပါပဲ။ ကိုယ်သွားချင်တဲ့နေရာကို ရိုက်ထည့်လိုက်ရုံနဲ့တင် လှပတဲ့ရှုမျှော်ခင်းပေါင်းစုံ ကျလာပါလိမ့်မယ်။ ဒါဆိုရင်တော့ သင့်ရဲ့ Virtual Tours ကို စတင်ခရီးဆန့်နိုင်ပါပြီ။
ခရီးသွားတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို Edit ပြန်လုပ်ပါ
သင် ခရီးတစ်ခါသွားတဲ့အခါ အနည်းဆုံး ဓာတ်ပုံ ဆယ်ပုံဝန်းကျင်လောက်တော့ ရိုက်ဖူးပါလိမ့်မယ်။ ထိုဓာတ်ပုံများကို မိမိတတ်သလောက် မှတ်သလောက်လေး Edit ပြန်လုပ်ကြည့်ပါ။ သင်က ဖိုတိုရှော့ပ် မကျွမ်းဘူးဆိုရင်တောင်မှ ဟိုစမ်းဒီစမ်းနဲ့ ကျွမ်းကျင်သွားပါလိမ့်မယ်။
နောက်ခရီးတစ်ခုအတွက် ကြိုတင်စီစဉ်ပါ
အခုအချိန်ခဏလေးမှာ အိမ်တွင်းအောင်းနေရတယ်ဆိုပေမယ့် တစ်သက်လုံး အိမ်တွင်းအောင်းနေရမှာမဟုတ်ပါဘူး။ သာယာတဲ့နေရက်တွေ ရောက်လာတဲ့အခါ သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနဲ့ ခရီးထွက်ရဦးမှာပါ။
အဲ့ဒီအခါကျမှ ဘယ်သွားမယ်ဆိုတာကို တိုင်ပင်ရင် နောက်ကျသွားပါလိမ့်မယ်။ ဒါ့ကြောင့် အခုကတည်းက ဘယ်ကို ခရီးထွက်မလဲဆိုတာကို သေချာစဉ်းစားကာ တိုင်ပင်ထားကြပါ။
Bucket List တစ်ခု ဖန်တီးပါ
ကိုယ် လုပ်ချင်တဲ့အရာတွေ သွားချင်တဲ့နေရာတွေကို အစဉ်လိုက် ချရေးထားပါ။ ရေခဲတောင်တက်မယ်။ Skydiving လုပ်မယ်။ Camp ထွက်မယ်။ လင်းပိုင်တွေနဲ့အတူ ရေကူးမယ်။ မော်ဒိုက်ကို ဟန်းနီးမွန်းထွက်မယ် စတဲ့ ကိုယ်လုပ်ချင်တဲ့အရာတွေကို ချရေးထားလိုက်ပါ။ ထိုအတွေးများကို ချရေးရုံနဲ့တင် စိတ်လှုပ်ရှားမှုကို ခံစားရမှာအမှန်ပါပဲ။
ခရီးသွားခြင်းနဲ့သက်ဆိုင်တဲ့ ရုပ်ရှင်များ ကြည့်ပါ
သင့်ရဲ့အိပ်ခန်းကို မီးအလင်းရောင်မှိန်ပျပျလေးပဲ ဖွင့်ထားပြီး ပေါက်ပေါက်ဆုပ်လေးတစ်ဘူးနဲ့ ရုပ်ရှင်ကားကောင်းများစွာကို ကြည့်ရှုရင်း ရုပ်ရှင်ကားထဲမှာပါတဲ့ ရှုမျှော်ခင်းများကို ကြည့်ရှုခံစားနိုင်ပါတယ်။
ရီဗျူးများ ကြိုဖတ်ထားပါ
ခရီးသွား ဘလော်ကာတွေ ရေးထားတဲ့ ခရီးသွားရီဗျူးပေါင်းစုံကို နှိုက်နှိုက်ချွတ်ချွတ် ဖတ်ထားရင်းနဲ့လည်း သင့်ရဲ့ခရီးသွားချင်တဲ့စိတ်ကို အစာကျွေးလို့ရပါတယ်။ ဒါဆိုရင် သင် ခရီးသွားဖို့ပြင်တဲ့ခါ ဘယ်နေရာကို သွားရမလဲဆိုတာ သိလာပါလိမ့်မယ်။
Source: Theadventurousfeet.com
Featured Image Source: Flashpack.com