စာဖတ်ခြင်းက ဦးနှောက်အတွက် အဖိုးမဖြတ်နိုင်အောင် အကျိုးများပါတယ်။ ဒါပေမယ့် စမတ်ဖုန်းတွေ လက်ကမချနိုင်အောင် ဖြစ်နေကြတဲ့ အခုလို ခေတ်မှာ စာတစ်အုပ်ကို အေးအေးဆေးဆေး ဇိမ်ဆွဲပြီး ဖတ်ဖို့က ခက်ပါတယ်။ တစ်ခါတစ်လေ တစ်လလုံးနေလို့ စာတစ်အုပ်မဖတ်ဖြစ်တဲ့ လတွေလည်း မနည်းမနော ရှိပါတယ်။ ဒီတော့ စာဖတ်တဲ့ အလေ့အကျင့်လည်း မပြတ်အောင် ၊ စာအုပ်တွေလည်း အရင်ကထက် ပိုဖတ်ဖြစ်ပြီး ပိုမှတ်သားနိုင်အောင် နည်းစနစ်လေးတွေ သုံးပေးဖို့ လိုမှာပါ။ ဒါဆို စာကို ပိုလို့ဖတ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။

(၁) သွားလေရာ စာအုပ်ဆောင်ပါ

Photo: Freepik

အလွယ်ဆုံးနည်းပါပဲ။ ကိုယ်နဲ့အတူ စာအုပ်တစ်အုပ် အမြဲပါနေရင် စာဖတ်ဖြစ်ဖို့ အလားအလာ ပိုများမှာ သေချာပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်နဲ့ ချိန်းထားလို့ စောင့်နေရချိန်မှာ ဖြစ်ဖြစ် နေ့လည်ခင်း Tea Break အချိန်နာရီဝက်လောက်ပဲ ရရ နောက်ဆုံး ဘတ်စ်ကားစီးနေတုန်းဖြစ်ဖြစ် ကိုယ့်ရဲ့ ဖတ်လက်စစာအုပ်နဲ့အတူ အဖော်လုပ်ဖို့ အကောင်းဆုံးပါပဲ။

(၂) စာရင်းနဲ့ ဖတ်ပါ

Photo: Freepik

ဒီလအတွက်ဖတ်ရန် ၊ ဒီနှစ်အတွက် ဖတ်ရန် စသည်ဖြင့် TBR (To Be Read) List လေး ထားတာက စာအုပ်တွေကို ပိုဖတ်ဖြစ်ဖို့ တွန်းအားရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း Challenge လုပ်ရာလည်း ရောက်ပါတယ်။ List လိုက်ဖတ်သွားတော့ ကိုယ်ဒီလထဲ/ဒီနှစ်ထဲ စာဘယ်နှစ်အုပ် ဖတ်ဖြစ်တယ်၊ ဘယ်စာအုပ်ကနေ ဘယ်လိုမက်ဆေ့ချ်နဲ့ ရသတွေ ရတယ်ဆိုတာ ပြန်သုံးသပ်ရလွယ်ပါတယ်။

(၃) AudioBook နားထောင်ပါ

Photo: Freepik

စာဖတ်ဖို့ မလွယ်ရင် အသံထွက်စာအုပ်တွေ သုံးပါ။ နိုင်ငံတကာမှာတော့ Podcast နဲ့ Audio Book တွေကို Publisher တွေက တခမ်းတနား ထုတ်ဝေကြပါတယ်။ ဒီမှာလည်း အင်တာနက်ပေါ်မှာ အသံထွက်ဝတ္ထုစာအုပ်တစ်ချို့ကို မြန်မာလို နားထောင်နိုင်တာတွေ ရှိပါတယ်။ ကိုယ်က အင်္ဂလိပ်စာလေ့လာနေသူဆိုရင်တော့ အင်္ဂလိပ်အသံထွက် AudioBook တွေ နားထောင်တာက ပိုပြီး ထိရောက်တဲ့ လေ့ကျင့်မှု ဖြစ်မှာပါ။

(၄) အိပ်ရာဝင်ခါနီး စာဖတ်ပါ

Photo: Freepik

စာဖတ်ဖို့အကောင်းဆုံး အချိန်ထဲမှာ အိပ်ရာဝင်ခါနီးအချိန်လည်း ပါပါတယ်။ အားလုံး အေးအေးဆေးဆေး တစ်နေ့တာ အလုပ်တာဝန်တွေ ပြီးလို့ သက်တောင့်သက်သာ အနားယူနေချိန်မှာ စာဖတ်တာက စာဖတ်လို့ သိပ်ကို ထိမိပါတယ်။ ညဘက်အိပ်စက်မှုအတွက်လည်း အများကြီး အထောက်အကူပြုပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့ အိပ်ရာဝင်တာထက် စာအုပ်ကောင်းတစ်အုပ်နဲ့ ကိုယ့်ရဲ့ အိပ်ရာဝင်အချိန်တွေကို ကုန်ဆုံးစေတာက ကိုယ်ရောစိတ်အတွက်ပါ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။