ကမ္ဘာပေါ်က ဩဇာအာဏာအကြီးဆုံး ခေါင်းဆောင်တစ်ယောက် COVID-19 ရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းက ပြီးခဲ့တဲ့သီတင်းပတ် နိုင်ငံတကာသတင်းနဲ့ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အလှုပ်ခတ်ဆုံး သတင်းဖြစ်ခဲ့ပါတယ်။
အံ့ဩစရာကောင်းတာက အသက် ၇၄ နှစ်အရွယ် အမေရိကန်သမ္မတဟာ COVID-19 ကူးစက်ခံရမှုကြောင့် ဆေးရုံတက် ကုသရပြီး ၄ ရက်မြောက်နေ့မှာ ရောဂါသက်သာပြီး အိမ်ဖြူတော်ပြန်ရောက်လာခဲ့တာပါ။ Walter Reed စစ်ဆေးရုံက အဆင်းမှာ သမ္မတဟာ ဒီရောဂါကို မမှုကြောင်း ပြတဲ့အနေနဲ့ လက်မထောင် လက်သီးဆုပ် လုပ်ပြခဲ့ပါသေးတယ်။

Photo: Indian Express
သမ္မတရဲ့ Tweet မှာလည်း COVID-19 ကို မကြောက်ကြဖို့နဲ့ မကြာခင်မှာ နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ပြန်လုပ်ဆောင်သွားမယ်လို့လည်း ရေးသားခဲ့ပါတယ်။ သမ္မတထရမ့်ကို ၄-၅ ရက်အတွင်း COVID-19 ကူးစက်မှု သက်သာအောင် ကုသလိုက်တဲ့ ကုထုံးအကြောင်းကို သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အသက်အရွယ်ကြီးရင့်ပြီး သာမန်ထက် အဝလွန်နေတဲ့ သမ္မတဟာ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ CDC ရဲ့ ကြေညာချက်တွေအရဆိုရင် COVID-19 ကြောင့် အသက်အန္တရာယ်ပိုရှိနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ Walter Reed အမျိုးသားစစ်ဆေးရုံမှာ သမ္မတထရမ့်ကို ဗိုင်းရပ်စ်ကူးစက်မှုအတွက် သုံးတဲ့ Gilead ထုတ် Remdesivir ဆေးနဲ့ စမ်းသပ်ဆဲ ပဋိပစ္စည်းကုထုံး အပါအဝင် ရောဂါအတွက် ကုထုံးအမျိုးမျိုး ပေးကုခဲ့တာပါ။
သမ္မတကို ဖြည့်စွက်အောက်ဆီဂျင်ပေးတာ ၊ Regeneron ရဲ့ ပဋိပစ္စည်းကုထုံးတစ်မျိုးနဲ့ ကုတာအပြင် စတီးရွိုက်ဆေးတစ်မျိုး ဖြစ်တဲ့ Dexamethasone နဲ့လည်း ကုသခဲ့ပါတယ်။ သမ္မတကို ကုသရာမှာ သုံးသွားတဲ့ Regeneron ထုတ် ပဋိပစ္စည်းကုထုံးဟာ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးပြီး အလားအလာကောင်းတဲ့ ရလဒ်တွေ ပြထားကြောင်း ပြောပါတယ်။

Photo: ABC
အစားအသောက်နဲ့ ဆေးဝါးအဖွဲ့အစည်း FDA ဆီက တရားဝင်ခွင့်ပြုချက် မရသေးပေမယ့် သမ္မတထရမ့်ကို ကုသပေးနေတဲ့ ဆရာဝန်တွေဟာ ဒီဇီဝနည်းပညာကုမ္ပဏီဆီက ဆေးသုံးစွဲခွင့် တောင်းခံတာကြောင့် သုံးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတတစ်ယောက်ကို ကုသပေးနေတဲ့ ကုထုံးမျိုးကိုတော့ တစ်ခြားအမေရိကန်ပြည်သူအများစု ရနိုင်မှာတော့ မဟုတ်ပါဘူး။ အမေရိကန်ဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရမှုနဲ့ အသက်သေဆုံးမှု အများဆုံး နိုင်ငံအဖြစ် ရှိနေပြီး လက်ရှိမှာ လူပေါင်း ၇.၇ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ စုစုပေါင်း ၂၁၅၈၃၆ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
