ဘောလုံးနတ်ဘုရားကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ အီတလီစီးရီးအေ အင်းအားကြီးအသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်ကတော့ စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အူဒီးနိစ်နဲ့ပွဲစဉ်မှာ နောက်ကျချေပဂိုးနဲ့အတူ အထင်ကရဖြစ်စေတဲ့ စပယ်ရှယ်စံချိန်သစ်တစ်ခုကို တင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Udinese 1-1 AC Milan: Zlatan Ibrahimovic becomes only the third player after Cristiano Ronaldo and Lionel Messi to score 300 goals in Europe's top five leagues to rescue a late point for the Rossoneri

Photo : Daily Mail

အဆိုပါသွင်းဂိုးကြောင့် အသက် ၄၀ အရွယ် ဆွီဒင်သားကြီး အီဘရာဟီမိုဗစ်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ပြီးနောက် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ သွင်းဂိုး ၃၀၀ သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ အူဒီးနိစ်အသင်းကစားသမား ဘီတိုက ပွဲကစားချိန် ၁၇ မိနစ်မှာ ပထမဆုံးဦးဆောင်သွင်းဂိုးနဲ့အတူ အေစီမီလန်အသင်းကို ဦးဆောင်ထားနိုင်ခဲ့ရာမှ ဒုတိယပိုင်းပွဲကစားချိန် ၉၀ မိနစ်ကိုကျော်လွန်ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ အီဘရာဟီမိုဗစ်က နောက်ကျ ချေပဂိုးသွင်းယူပေးခဲ့တာကြောင့် ၁-၁ ဂိုးစီသရေ ရလဒ်နဲ့ ပွဲကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းကတော့ အူဒီးနိစ်ကို သရေကစားခဲ့ပေမယ့် စီးရီးအေအမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာဆက်လက် ရပ်တည်လျက်ရှိပါတယ်။

Udinese 1-1 AC Milan: Zlatan Ibrahimovic becomes only the third player after Cristiano Ronaldo and Lionel Messi to score 300 goals in Europe's top five leagues to rescue a late point for the Rossoneri

Photo : Goal.com

ဇလာတန် အီဘရာဟီမိုဗစ်ဟာ ၂၀၁၂ ခုနှစ်ကစပြီး အေစီမီလန်အသင်းနဲ့ လမ်းခွဲခဲ့ကာ ပီအက်စ်ဂျီ ၊ မန်ချက်စတာယူနိုက်တက် စတဲ့ထိပ်တန်းကလပ်အသင်းတွေမှာ ပြောင်းရွေ့ကစားခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၀ မှာ အေစီမီလန်အသင်းကို တစ်ကျော့ပြန် ပြန်လည်ရောက်လာခဲ့တာဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးထားတဲ့ တိုက်စစ်ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ပေါ်တူဂီလက်ရွေးစင် ကစားသမား ခရစ္စတီယာနို ရော်နယ်ဒိုက သွင်းဂိုးစုစုပေါင်း ၄၈၃ ဂိုးနဲ့ ပထမနေရာမှာရှိနေပြီး အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီကတော့ ၄၇၅ ဂိုးနဲ့ ဒုတိယနေရာမှာ ရပ်တည်လျက်ရှိကာ ဘောလုံးနတ်ဘုရားကြီးကတော့ သွင်းဂိုး ၃၀၀ နဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့ပြီး ဘောလုံးလောကရဲ့ အံ့ဖွယ်စံချိန်သစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Featured Photo : Daily Mail