၂၀၁၉ ခုနှစ်ရဲ့ FIFA ယူ – ၂၀ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ယူကရိန်းအသင်းနဲ့ တောင်ကိုရီးယားအသင်းတို့ပွဲစဉ်မှာတော့ ယူကရိန်းအသင်းက (၃-၁) ဂိုးရလဒ်ဖြင့် တောင်ကိုရီးယားအသင်းကို အနိုင်ယူကာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးသွားခဲ့ပြီပဲဖြစ်ပါတယ်။

ထူးထူးခြားခြားအနေနဲ့ ယူကရိန်းအသင်းနဲ့ တောင်ကိုရီးယားအသင်းနှစ်သင်းစလုံးဟာ ယခုနှစ် FIFA U-20 ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပထမဆုံးအကြိမ်တက်ရောက်လာခဲ့တဲ့အသင်းတွေ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ ပွဲချိန်စတင်ပြီး (၅) မိနစ်အကြာမှာပဲ တောင်ကိုရီးယားအသင်းမှ ပယ်နယ်တီပစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါဂိုးကိုတော့ ကစားသ မားလီကန်အင်က တိကျသေချာစွာကန်သွင်းယူခဲ့ကာ ဦးဆောင်ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

Source : AFP.com

ဦးဆောင်ဂိုးပေးခဲ့ရပြီးတဲ့နောက်မှာတာ့ ယူကရိန်းအသင်းအနေနဲ့ အကောင်းမွန်ဆုံး တန်ပြန်တိုက်စစ်တွေနဲ့ကစားလာခဲ့ပြီး တစ်စထက်တစ်စ ပြိုင်ပွဲကိုဦးဆောင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပွဲချိန် (၃၄) မိနစ်မှာတော့ ယူကရိန်းအသင်းတိုက်စစ်မှူး ဆူပရီဟာက အကောင်းဆုံး အဆုံးသတ်ကန်သွင်းချက်နဲ့အတူ အသင်းအတွက် ပထမဆုံးသောချေပဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

တစ်ဖက်တစ်ဂိုးစီသရေရလဒ်ဖြစ်နေချိန်မှာတော့ တောင်ကိုရီးယားအသင်းကလည်း ယူကရိန်းအသင်းဘက်ကို တန်ပြန်တိုက်စစ်ဆင်မှုတွေပြုလုပ်လာခဲ့တာကြောင့် တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြကာ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ပွဲချိန်ပထမပိုင်းကိုတော့ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။

Source : SportsHeadlines.News

ပွဲချိန်ဒုတိယပိုင်း ပြန်လည်စတင်တာနဲ့ ယူကရိန်းအသင်းဘက်က ထိုးစစ်ဆင်မှုတွေကို တောင်ကိုရီးယားအသင်းခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး ပွဲချိန် (၅၂) မိနစ်မှာ တိုက်စစ်မှူးဆူပရီဟာကပဲ တောင်ကိုရီးယားခံစစ်ကစားသမားတွေကို ကျော်ဖြတ်ကာ ဒုတိယမြောက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ထို့နောက်ပွဲပြီးဆုံးခါနီး (၈၉) မိနစ်မှာ ယူကရိန်းတောင်ပံကစားသမား စစ်တိုင်ရှီဗီလီက တတိယမြောက်အနိုင်ဂိုးကို တောင်ကိုရီးယားဂိုးသမားနဲ့ ထိပ်တိုက်ရင်ဆိုင်ကျော်ဖြတ်ကာ လှလှပပသွင်းယူနိုင်ခဲ့တာကြောင့် (၃-၁) ရလဒ်ဖြင့် ပွဲကို အကောင်းမွန်ဆုံး အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

Source : SuperSport

ယူကရိန်းအသင်းဟာ ၂၀၁၉ ခုနှစ် FIFA ယူ – ၂၀ ကမ္ဘာ့ဖလားပြိုင်တစ်လျောက် ဗိုလ်လုပွဲမတိုင်မှီအထိ (၅) ပွဲအနိုင် ၊ (၁) ပွဲ သရေဖြင့် ရှုံးပွဲလုံးဝမရှိခဲ့တဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ကာ FIFA U-20 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းတစ်သင်းအဖြစ်မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပါတယ်။