ယူနိုက်တက်အသင်းကို ကိုင်တွယ်နေသည့် ယာယီနည်းပြ၊ ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိသည့် မိုက်ဖီလန်က သူ့အနေဖြင့် ယူနိုက်တက်အသင်း၌ ဆိုးလ်ရှားရဲ့ လက်ထောက်နည်းပြအဖြစ်ရော Central Coast Mariners အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ်ပါ တွဲ၍လုပ်ကိုင်ရန် ဆန္ဒရှိနေကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ မိုက်ဖီလန်ဟာ ဆိုးလ်ရှားယူနိုက်တက်အသင်းကို စတင်ကိုင်တွယ်သည့် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှစတင်ကာ ယခုကဲ့သို့ပင် အသင်းနှစ်သင်းရဲ့ တာဝန်ကို ခွဲဝေဆောင်ရွက်နေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လက်ရှိအချိန်အထိ အမြဲတမ်းနည်းပြအဖြစ် ဘယ်သူ့ကိုခန့်အပ်မလဲဆိုတာကို အတိအလင်းကြေညာပြီးခြင်းမရှိသေးပေမယ့် လက်ရှိကိုင်တွယ်နေတဲ့ ဆိုးလ်ရှားကသာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရရန် ရေပန်းစားလျက်ရှိကြောင်း သတင်းများက ကျယ်လောင်စွာဖော်ပြလျက်ရှိပါတယ်။ သြစတြေးလျလိဂ် (အေလိဂ်) ကလပ်အသင်းဖြစ်သည့် Mariners အသင်း၌လည်း အားကစား ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိသည့် မိုက်ဖီလန်က ယခုကဲ့သို့ အလုပ်နှစ်ခုတွဲလုပ်ခြင်းက အားလုံးအတွက် အဆင်ပြေနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဖွင့်ဟပြောကြားခဲ့ပါသေးတယ်။

Fox Sports နဲ့ တွေ့ဆုံရာ၌ မိုက်ဖီလန်က “ဒီကိစ္စက ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို လာမယ့်လ အနည်းငယ်အတွင်းမှာပဲ သိနိုင်မှာပါ။ လက်ရှိအချိန်က ယူနိုက်တက်အသင်းအတွက် အလုပ်အရှုပ်ဆုံးအချိန်ဖြစ်မယ်ဆိုတာမှန်ပေမယ့် အေလိဂ်ကလည်း ရာသီသိမ်းတော့မှာပါ။ ကျွန်တော်က အင်္ဂလန်မှာလည်း ဆက်အလုပ်လုပ်ချင်ပြီး Mariners အသင်းနဲ့ ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာလည်း အရာအားလုံးအဆင်ပြေမယ်လို့ ထင်ပါတယ်။”

“ကျွန်တော့်စိတ်ထင်တော့ ဒီကိစ္စက ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး Mariners အသင်းနဲ့ ယူနိုက်တက်အသင်းတို့ကြားမှာလည်း ချိတ်ဆက်မှုတစ်ခု ပေါင်းသင်းဆက်ဆံရေးတစ်ခု ရသွားနိုင်တာကြောင့် အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီကိစ္စတွေက အတည်တကျမဖြစ်သေးဘဲ သို့လော သို့လော အခြေအနေပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့လည်း Mariners အသင်းမှာလည်း အားကစားဒါရိုက်တာရာထူးကို ဆက်ပြီး လုပ်ကိုင်ချင်ပါသေးတယ်။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ကြောင်း သိရှိရပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားလက်ထက် ပုံစံကောင်းများဆက်တိုက်ပြသခဲ့ပေမယ့် နောက်ဆုံးကစားခဲ့သည့် ပြည်တွင်းပွဲစဉ် အဝေးကွင်းနှစ်ပွဲဆက်တိုက်မှာ အာဆင်နယ်၊ ဝုလ်ဗ်အသင်းတို့ကို ရှုံးနိမ့်ပြီး လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄) နေရာအတွက် ရုန်းကန်ရဖွယ်ရှိသလို FA ဖလားပြိုင်ပွဲကနေလည်း ထွက်ခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိနိုင်ငံတကာ ပွဲစဉ်များအပြီးမှာ ယူနိုက်တက်အသင်းအနေနဲ့ ဝက်ဖို့ဒ်အသင်းကို ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားနိုင်တဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းအနေနဲ့ ပွဲကျပ်တစ်ပွဲကို ရှေ့လအတွင်းမှာပဲ ရင်ဆိုင်ကစားရဖို့ ရှိနေပါသေးတယ်။

Source : Manchester United Lover