တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်နောက်ဆုံးပွဲစဉ်မှာ အီဂျစ်အသင်း တိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ အကောင်းမွန်ဆုံးခြေစွမ်းတွေနဲ့ နိုင်ငံအသင်းကို ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး မှော်ဆန်တဲ့အခိုက်အတန့်တွေကြောင့် ပရိသတ်တွေကို အံ့ဩစေခဲ့ပါတယ်။

Photo : Daily Mail
လီဗာပူးလ်တိုက်စစ်မှူးရဲ့ အီဂျစ်အသင်းဟာ ပွဲချိန်အစောပိုင်း ၆ မိနစ်မှာကတည်းက ပြိုင်ဘက်မော်ရိုကိုအသင်းကို ပင်နယ်တီပေးခဲ့ရပြီး ဒီဂိုးကို ဆိုဖီယန် ဘိုဖယ်လ်က ကန်သွင်းခဲ့ကာ ဦးဆောင်ဂိုး စတင်ခွင့်ပြုခဲ့ရပါတယ်။ သို့သော်လည်း ပွဲချိန်ပထမပိုင်းကုန်ဆုံးခါနီး ၅၃ မိနစ်မှာဆာလာက အသင်းအတွက် အရေးပါတဲ့ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပါတယ်။
ပွဲချိန်ဒုတိယပိုင်းမှာ ၁ – ၁ ဂိုးသရေရလဒ်နဲ့ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ပွဲချိန် ၉၉ မိနစ်မှာ ဆာလာဟာ ညာဘက်ခြမ်းကနေ ပြိုင်ဘက်အသင်းကစားသမားကို ကျော်ဖြတ်ပြီး အသင်းဖော် ထရက်ဇီဂေးအတွက် အနိုင်ဂိုးကို ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။
ဆာလာရဲ့ အကောင်းဆုံးဖန်တီးပေးပို့မှုကတဆင့် အီဂျစ်ကစားသမား ထရက်ဇီဂေးက အသင်းအတွက် သေချာတဲ့အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းစေခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်ဘုရင်ဆာလာကတော့ ယခုနှစ်ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၃၁ ပွဲကစားပြီး သွင်းဂိုး ၂၅ ဂိုးသွင်းယူထားကာ ၎င်းရဲ့အကောင်းမွန်ဆုံး ခြေစွမ်းကို ဆက်လက်ပြသနေဆဲ ဖြစ်ပါတယ်။ ဆာလာအတွက် ပထမဆုံးနိုင်ငံတကာဆုဖလားကလည်း အခုဆိုရင်လက်ကျန်နှစ်ပွဲသာ ကျန်ပါတော့တယ်။
အီဂျစ်တိုက်စစ်မှူး ဆာလာဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်နောက်ဆုံးပွဲမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့သလို ပွဲအပြီးမှာ ပြိုင်ဘက်အသင်းသားတွေကို သွားရောက်နှစ်သိမ့်ပေးခဲ့တာကြောင့် ဘောလုံးစွမ်းရည်ပိုင်းမှာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာပါ လေးစားစရာကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် ပရိသတ်တွေ ချီးကျူးဂုဏ်ပြုခြင်း ခံနေရပါတယ်။

Photo : Daily Mail
အီဂျစ်အသင်းဟာ ၂၀၁၀ နောက်ပိုင်း ၎င်းတို့ရဲ့ ပထမဆုံး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ချန်ပီယံဆုဖလားကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေပြီး ဖေဖော်ဝါရီ ပထမအပတ်ထဲမှာ အိမ်ရှင်ကင်မရွန်းအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Featured Photo : Daily Mail
