တစ်နေ့တာ စိတ်ပင်ပန်းနွမ်းနယ်ထားသမျှတွေကို ရုပ်ရှင်လေး ကြည့်ရင်း အနားယူအပန်းဖြေချင်တဲ့ ကွီးတို့အတွက် ဖေဖော်ဝါရီလမှာ ဘယ်လိုဇာတ်ကားအသစ်တွေ ထွက်ရှိလာမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။
အမျိုးအစား မတူညီတဲ့ ရုပ်ရှင်တွေကို စုစည်းထားတာဖြစ်တဲ့အတွက်ကြောင့် ကွီးတို့နှစ်သက်တဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုခုကို ရွေးချယ်ကာ အားလပ်ချိန်လေးမှာ အနားယူအပန်းဖြေလိုက်ပါ။
Last Survivors
ပျက်သုဉ်းနေတဲ့ မြို့ကြီးများနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ တစ်နေရာမှာ Troy သည် လှပပြီး နေချင်စဖွယ်ကောင်းတဲ့ ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးတည်ဆောက်ကာ နေထိုင်နေတာဖြစ်ပါတယ်။ သူ့ရဲ့သား Jake သည်လည်း သူနဲ့အတူတူ နေထိုင်နေတာဖြစ်ပါတယ်။ တစ်ရက်မှာတော့ Troy သည် ဒဏ်ရာအကြီးအကျယ်ရာလာတဲ့အခါ သူ့သားကို အသက်ကယ်ဆေး ရှာဖွေဖို့ရန်အတွက် အပြင်လောကသို့ သွားစေပါတယ်။ မတော်လို့ လူသားတွေနဲ့ တွေ့ခဲ့ရင်လည်း သတ်ပစ်ဖို့ မှာလိုက်ပါတယ်။ ဒါပေမဲ့ သူ့သားကတော့ Henrietta လို့ခေါ်တဲ့ မိန်းကလေးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ Troy ကတော့ သူဖန်တီးထားတဲ့ ကမ္ဘာလေး မပျက်စီးဖို့ရန်အတွက် Henrietta ကို သတ်ဖို့ ကြိုးစားမှာပါပဲ။
Source: Movieclips Indie
Through My Window
WiFi Password ကနေ အစပြုခဲ့တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Raquel သည် သူ(မ)ရဲ့ ခပ်ဟော့ဟော့ အိမ်နီးချင်းဖြစ်တဲ့ Ares ကို ကြိတ်ခရက်ရှ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ သူနဲ့ တစ်ခါမှာ စကားမပြောဖူးပါဘူး။ Raquel တစ်ယောက် Ares ကို စိတ်ဝင်စားလာအောင် လုပ်နိုင်ပါ့မလား။
Source: Netflix
Shapeless
New Orleans က အဆိုတော်တစ်ယောက်ဖြစ်တဲ့ Ivy သည် သူ(မ)ရဲ့ ကိုယ်ပိုင်ကမ္ဘာထဲမှာ ပိတ်လှောင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူ(မ) ရဲ့ အစားအသောက် စားသုံးမှုမမှန်ခြင်းကလည်း သူ(မ)ရဲ့ ကျန်းမာရေးကို တဖြည်းဖြည်း ဆိုးရွားလာစေပါတယ်။ Ivy တစ်ယောက် သူ(မ)ရဲ့ စွဲလန်းမှုတွေထဲကနေ ရုန်းထွက်နိုင်ပါ့မလား။ မကောင်းဆိုးဝါးတစ်ယောက်ဖြစ်သွားမလားဆိုတာကိုတော့ Shapeless မှာ ကြည့်ရှုနိုင်ပါတယ်။
Source: JoBlo Horror Tarilers
Blacklight
အက်ရှင်ဇာတ်ကားများကို ကြိုက်နှစ်သက်တဲ့ ကွီးတွေအတွက်တော့ Blacklight က ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Travis Block သည် အစိုးရက ငှားရမ်းထားတဲ့ Freelancer တစ်ယောက်ဖြစ်ပါတယ်။ သူသည် ဂျာနယ်လစ်တစ်ယောက်အား အမှန်တရားတွေကို ဖော်ထုတ်ဖို့ ကူညီတဲ့အခါ သူ့သမီးနဲ့ သူ့မြေးမလေးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခြင်း ခံလိုက်ရပါတယ်။ အဆုံးသတ်မှာ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Blacklight မှာ ကြည့်ရှုနိုင်ပါတယ်။
Source: Movieclips Trailers
Death On The Nile
လက်ထပ်ပြီးခါစ ပူပူနွေးနွေး ကြင်စဦးလင်မယားနှစ်ယောက်သည် အီဂျစ်သို့ သင်္ဘောကြီးစီးကာ ဟန်းနီးမွန်းခရီးထွက်လာကြပါတယ်။ သင်္ဘောပေါ်မှာလည်း သူတို့ရဲ့ မိတ်ဆွေ အပေါင်းအဖော်နှင့် ဧည့်သည်များလည်း ပါလာကြတာ ဖြစ်ပါတယ်။ မမျှော်လင့်ဘဲနဲ့ သူတို့စီးနင်းလာတဲ့ ဟန်းနီးမွန်းသေင်္ဘာကြီးသည် လူသတ်သမားရဲ့စခန်းဖြစ်လာခဲ့ပါတယ်။ ထိုကြင်စဦးလင်မယားလိုပဲ အခြားသောလူတွေလည်း ထိုနေရာမှာ ပိတ်မိနေကြပါတယ်။ သူတို့အားလုံး လူသတ်သမားလက်က လွတ်မြောက်နိုင်ပါ့မလား။
Tall Girl 2
ဟာသကားကြိုက်နှစ်သက်တဲ့ ကွီးတို့အတွက် Tall Girl 2 ကလည်း ဒီလထဲမှာ အသစ်ထွက်ရှိလို့လာခဲ့ပါပြီ။ Jodi သည် Homecoming ပါတီမှာ စိတ်ခွန်အားတက်ကြွဖွယ် မိန့်ခွန်းစကားပြောကြားပြီးတဲ့နောက်မှာ သူ(မ)သည် ပိုမိုပေါ်ပြူလာဖြစ်လာပြီး သူ(မ)ကိုယ် သူ(မ)လည်း ပိုမိုယုံကြည်မှုရှိလာပါတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ မသိစိတ်တစ်နေရာမှာ တစ်စုံတစ်ရာကို ကြောက်ရွံ့နေပါတယ်။ သူ(မ)ရဲ့စိတ် ဘာ့ကြောင့် မလုံခြုံမှုကို ခံစားရသလဲဆိုတာကိုတော့ Tall Girl 2 မှာ အဖြေရှာကြည့်လိုက်ပါ။
Source: Netflix
Dog
ဒီဇာတ်ကားလေးကတော့ ဟာသဇာတ်ကားလေးလည်းဖြစ်သလို Adventure ဇာတ်ကားလေးဆိုလည်း မမှားပါဘူး။ အထူးစစ်သည်တော်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Briggs နဲ့ သူ့ရဲ့အမဲလိုက်ခွေး Lulu တို့ နှစ်ယောက်သား ကားတစ်စီးနဲ့ ခရီးထွက်ရင်း လမ်းတစ်လျှောက်မှာ ကြုံတွေ့ရတဲ့အရာတွေကို ဟာသနှောကာ ရိုက်ကူးထားတာဖြစ်ပါတယ်။
Source: MGM
The Burning Sea
ကြီးမားတဲ့ ဆီလှောင်ကန်ကြီး ပင်လယ်ထဲသို့ ပြိုကျသွားတဲ့အခါမှာ ထက်မြက်တဲ့ သုတေသနပညာရှင်ကြီးက ဒီဖြစ်ရပ်သည် အခြားသော သေစေနိုင်တဲ့ဖြစ်ရပ်ဆိုးတွေရဲ့ အစပဲဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက်ဆက်တွဲ ဘယ်လိုအဖြစ်ဆိုးတွေ ဝင်ရောက်မလဲဆိုတာကတော့ The Burning Sea မှာ ကြည့်ရှုအဖြေထုတ်ကြည့်လိုက်ပါ။
Source: Movie Trailers Source