ချယ်လ်ဆီးအသင်း ဟာ မနေ့ည ၁ နာရီ ၁၅ အချိန် မှာ ဘရိုက်တန်အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျ မှာ လက်ခံကစားသွားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ထိုပွဲစဉ်ကို အနိုင်ကစားဖို့တော့ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာ ကံကောင်းထောက်မစွာ အနိုင်ရခဲ့တဲ့ ချယ်လ်ဆီးအတွက် ယနေ့ညပွဲစဉ်ဟာ အိမ်ကွင်းပရိသတ် ရှေ့မှောက် ကစားကွက်ကောင်းကောင်းနဲ့ ကစားပြီး အနိုင်ရဖို့လိုနေပါတယ်။

ချယ်လ်ဆီး နည်းပြ ဆာရီဟာ ကာဒစ်ဖ်နဲ့ပွဲမှာ အသင်းရဲ့အဓိက ကစားသမား ၂ ဦး ဖြစ်တဲ့ အီဒင်ဟာဇတ်နဲ့ အန်ဂိုလိုကန်တေ တို့ကို ပွဲထွက် ကစားသမားစာရင်းမှ ဖယ်ရှားထားခဲ့ပါတယ်။ ထိုပွဲမတိုင်ခင် အင်တာဗျူးမှာတော့ ဆာရီက ၄င်းတို့ ၂ ဦးကို ကြံ့ခိုင်မှုမပြည့်ဝနေတဲ့ အကြောင်းပြချက် ကြောင့် ချန်လှပ်ခဲ့ရတယ်လို့ဆိုပါတယ်။

သို့ပေမယ့်လည်း ယနေ့ညပွဲစဉ်မှာတော့ ဆာရီအနေနဲ့ မဖြစ်မနေ အနိုင်ရလဒ် လိုချင်ရင် ၄င်းတို့ ၂ ဦး ကို ပြန်လည်အသုံးပြုဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ မနေ့က ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာတော့ ဆာရီက ကန်တေရော ၊ ဟာဇတ်ရော ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာပြီဖြစ်တဲ့အတွက် ယနေ့ညပွဲစဉ် မှာ ပွဲထွက်ပေးဖွယ် ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ် ။

ဆာရီ က “သူတို့၂ ယောက်လုံးကို လာမယ့် ဘရိုက်တန်နဲ့ ပွဲစဉ်မှာ ပွဲထုတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ လောလောဆယ်တော့ အတိအလင်းကြီးတော့ ထုတ်မပြောနိုင်သေးပါဘူး။ သူတို့၂ ယောက်လုံး ကာဒစ်ဖ်နဲ့ပွဲမှာ အနားရခဲ့ပါတယ်။ အန်ဂိုလိုဆိုရင် တစ်ပွဲလုံး အနားရခဲ့ပါတယ်။ အီဒင် ကတော့ ၅၅ မိနစ်စာ အနားရခဲ့ပါတယ်”။

“ဒါပေမယ့် အန်ဂိုလိုဟာ ကျွန်တော်တို့အတွက် ဒီရာသီမှာ ပွဲ ၅၀ ကစားထားပေးပြီး အီဒင်က ကျွန်တော်တို့အတွက် ဒီရာသီမှာ ၄၈ ပွဲ ကစားထားပေးတယ် ဆိုတဲ့ အချက်ကို လျစ်လျူရှုထားလို့မရပါဘူး ။ နောက်ဆုံး ၂ ပတ် အတွင်းမှာလည်း သူတို့ ဟာ သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေ အတွက် ၂ ပွဲ ဆက်တိုက် ကစားပေးထားခဲ့တာပါ။ ”

“ဒါကြောင့်မို့ သူတို့ ၂ ယောက်လုံး တခါတလေတော့ အနားယူဖို့လိုပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ ကြံ့ခိုင်မှု အနေအထားတွေ အားလုံး အိုကေ နေပါတယ်။ အီဒင်ဟာ ပုံမှန်အားဖြင့် အသင်းရဲ့ ပွဲစဉ်တိုင်းနီးပါးမှာ ပါဝင်ကစားပေးလေ့ရှိပါတယ်။ သူ့အနေနဲ့ တခါတလေမှာ ကိုယ့်ကိုယ်ကို အနားပေးရမယ် ဆိုတာကိုလည်း သူကိုယ်တိုင် သိပါတယ်။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ပွဲမှာ အရန်ခုံ ထိုင်နေခဲ့ရတာ သူ့အတွက် ပြဿနာမဟုတ်ပါဘူး။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ဆာရီက ပြီးခဲ့တဲ့ ကာဒစ်ဖ်နဲ့ ပွဲမှာ Comeback နိုင်ခဲ့တဲ့ ချယ်လ်ဆီး အသင်းသားတွေရဲ့ စိတ်ဓာတ်အပေါ် ချီးကျူးလိုက်ပြီး အသင်းရဲ့ လူငယ် ကစားသမားတချို့ ရဲ့ အလားအလာနဲ့ ပတ်သက်ပြီးလည်း အခုလို သုံးသပ် ပြောကြားခဲ့ပါတယ်။

ဆာရီက “ကာဒစ်ဖ်နဲ့ပွဲမှာ ကျွန်တော်တို့ဟာ အသင်းကြီးတသင်းရဲ့ တုံ့ပြန်မှုအစစ်အမှန်တခုကို ပြနိုင်ခဲ့ပါတယ်။ မှန်ကန်တဲ့နည်းလမ်းနဲ့ တုံ့ပြန်နိုင်ခဲ့တာတော့ မဟုတ်ပါဘူး ။ ဆုံးဖြတ်ရခက်ခဲတဲ့ အနေအထားကနေ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အသင်းသားတွေဟာ အနိုင်ရလိုစိတ် ပြင်းထန်ခဲ့တယ်လို့ ထင်ပါတယ်။ ”

“ကျွန်တော်တို့ဟာ အနာဂတ်ကာလအတွက် ခြေစွမ်းတိုးတက်လာနိုင်တဲ့ အလားအလာရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားပါတယ်။ ဥပမာ – လော့ဖ်တပ်စ်ချိခ် ၊ ခရစ်တန်ဆန် ၊ ဟတ်ဒ်ဆန်အိုဒွိုင်းတို့လိုပေါ့။ သူတို့သာ ခြေစွမ်း ဆက်ပြီး တိုးတက်လာမယ်ဆိုရင် ကျွန်တော်တို့အတွက် အသင်းတသင်း အနေနဲ့ အချိုးညီညီတိုးတက်လာတယ်လို့ ဆိုလို့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Source : Chelsea FC Lover