အမျိုးသားတွေအနေနဲ့ မျိုးအောင်မှုစွမ်းရည် ပိုကောင်းချင်တယ်ဆိုရင် ညဘက်တွေမှာ စမတ်ဖုန်းသုံးတာ ၊ TV ကြည့်တာမျိုး ရှောင်သင့်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုလိုက်ပါတယ်။

အစ္စရေးနိုင်ငံ တယ်လ်အဲဗစ် Assuta Medical Center မှ အိပ်စက်ခြင်းနဲ့ ပင်ပန်းမှုအကြောင်းလေ့လာတဲ့ အဖွဲ့အစည်းမှ သုတေသနပညာရှင်တွေဟာ ညအိပ်ရာမဝင်ခင် အီလက်ထရွန်းနစ်ပစ္စည်း အသုံးပြုခြင်းနဲ့ သုတ်ပိုးအရည်အသွေးကျဆင်းလာမှုအကြား ဆက်သွယ်ချက်တစ်ခု ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Photo: rollercoaster.ie

သုတေသီတွေဟာ အသက် ၂၁ နှစ်နဲ့ အသက် ၅၉ နှစ်အကြား အမျိုးသား ၁၁၉ ဦးဆီက သုတ်နမူနာတွေ ရယူခဲ့ပြီး မျိုးအောင်မှုကို လေ့လာစမ်းသပ်ခဲ့တာပါ။ မေးခွန်းမှာ ဖြေဆိုခဲ့သူတွေရဲ့ အိပ်စက်မှုအလေ့အကျင့်နဲ့ အီလက်ထရွန်းနစ်ပစ္စည်း သုံးစွဲမှုကိုပါ လေ့လာခဲ့တာ ဖြစ်ပါတယ်။
ညဘက်တွေမှာ ဖုန်းပိုသုံးဖြစ်တယ်လို့ ဖြေဆိုတဲ့ အမျိုးသားတွေဟာ သုတ်ပိုးစုစည်းမှုအားနည်းပြီး မျိုးအောင်စေဖို့ ကူးခတ်နိုင်စွမ်းလည်း ကျဆင်းနေတယ်လို့လည်း လေ့လာမှုက ဆိုပါတယ်။ မိုဘိုင်းလ်ဖုန်းတွေက ထုတ်လွှင့်တဲ့ ရေဒီယိုကြိမ်နှုန်း လျှပ်စစ်သံလိုက်လှိုင်းတွေဟာ ဒီအပြောင်းအလဲနဲ့ ဆက်စပ်မှု ရှိနေမယ်လို့ ဆိုပါတယ်။

“ညနေဘက်တွေနဲ့ အိပ်ရာဝင်ချိန်မှာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေ သုံးစွဲခြင်းဟာ သုတ်ပိုးအရည်အသွေးကျဆင်းမှုနဲ့ ဆက်သွယ်မှု ရှိနေပါတယ်။ နောက်ပြီး စမတ်ဖုန်းတွေ ညနေဘက်သုံးတာ ၊ အိပ်ရာဝင်ချိန် ကျော်တဲ့အထိ တက်ဘလက်သုံးတာနဲ့ ညနေခင်းတွေ တီဗွီကြည့်တာတွေက သုတ်ပိုးစုစည်းမှု ကျဆင်းခြင်းနဲ့လည်း ဆက်စပ်နေပါတယ်” လို့ ဦးဆောင်စုံစမ်းစစ်ဆေးရေးမှူး အမစ်ဂရင်းက ပြောပါတယ်။

Photo : Ke Buena

ဒီလျှပ်စစ်သံလိုက်လှိုင်းတွေဟာ သုတ်ပိုးအပူချိန်ကို မြင့်တက်စေပြီး သုတ်ပိုးထုတ်လုပ်မှုကို နှောင့်ယှက်ဟန့်တားနိုင်ပါတယ်။ အမျိုးသားကျန်းမာရေးဝက်ဘ်ဆိုက်ရဲ့ အဆိုအရ အရည်အသွေးအကောင်းဆုံး သုတ်ပိုးထုတ်လုပ်နိုင်ဖို့ ကျားအင်္ဂါကို တစ်ခြားကိုယ်အင်္ဂါတွေထက် ပိုပြီး အေးအောင် ထားသင့်တယ်လို့‌ ဖော်ပြထားပါတယ်။