လန်ဒန်မြို့တွင် လာမယ့် ဧပြီ (၂၈) ရက်နေ့မှာကျင်းပသွားမယ့် ၂၀၁၈-၁၉ ဘောလုံးရာသီအတွက် PFA အကောင်းဆုံးကစားသမားဆုပေးပွဲအတွက် ယာယီဆန်ခါတင် ကစားသမားများစာရင်းကတော့ ပေါ်ထွက်လို့လာခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားကတော့ အသက် (၂၇) နှစ်သာရှိသေးတဲ့ နယ်သာလန်နောက်ခံကစားသမား လက်ရှိလီဗာပူးလ်အသင်းမှာ ခံစစ်ကြောင်းအတွက် အကောင်းဆုံးခြေစွမ်းတွေကို ပြသပေးနေတဲ့ ဗန်ဒိုက်က ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။

Source : Anfield HQ

PFA အကောင်းဆုံးကစားသမားဆုအတွက် ယာယီဆန်ခါတင်စာရင်းမှာတော့ လီဗာပူးလ်အသင်းကစားသမားများဖြစ်ကြတဲ့ နယ်သာလန်နောက်ခံလူ ဗန်ဒိုက်နဲ့ ဆီနီဂေါတောင်ပံကစားသမား မာနေတို့ ပါဝင်နေပြီး မန်စီးတီးအသင်းကစားသမားများဖြစ်ကြတဲ့ အင်္ဂလန်တောင်ပံကစားသမား စတာလင်၊ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုး၊ ပေါ်တူဂီကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားတို့လည်း ပါဝင်နေခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းကစားသမားတစ်ဦးဖြစ်တဲ့ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်ကလည်း အသီးသီး ပါဝင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


Source : loopslu.com

လက်ရှိအချိန်အထိ PFA အကောင်းဆုံးကစားသမားဆုအတွက် ရေပန်းအစားဆုံး ကစားသမားကတော့ ဗန်ဒိုက်ဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ အင်္ဂလန်တောင်ပံကစားသမား စတာလင်၊ အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရိုးနှင့် ဆီနီဂေါတောင်ပံကစားသမားမာနေတို့က အသီးသီး နေရာယူလျက်ရှိပါတယ်။ အဆိုပါယာယီဆန်ကာတင်စာရင်းတွင် ပါဝင်နေသူများအနက် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်ကတော့ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီအတွက် PFA အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ဖူးတဲ့ တစ်ဦးတည်းသော ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။ ဟာဇက်ကတော့ ယခုနှစ်အတွက် ဒုတိယမြောက် PFA အကောင်းဆုံးကစားသမားဆုကို ထပ်မံရင်ခုန်ရမှာဖြစ်ပြီး ဗန်ဒိုက်နဲ့ တခြားသော ဆန်ကာတင်စာရင်းဝင်ကစားသမားတွေကတော့ ပထမဆုံးအကြိမ် ရင်ခုန်ရမယ့်နှစ်လည်းဖြစ်ပါတယ်။

Source : en.as.com