ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူပြီးနောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ ရုန်းကန်ရမှုတွေဟာ ဒေးဗစ်မိုရက်စ်တစ်ဦးတည်း အပြစ်မဟုတ်ပဲ ကစားသမားတွေကသာ အသင်းလိုက် ခြေစွမ်းအဆင့်အတန်းကျဆင်းနေခဲ့တာလို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဗန်ပါစီက ထင်မြင်နေကြောင်း Teamtalk က ဖော်ပြခဲ့ပါတယ်။

မိုရက်စ်ဟာ ပျမ်းမျှအသက်အရွယ်အားဖြင့် ကြီးနေတဲ့အသင်းကို နည်းပြဖာဂူဆန်ဆီကနေ အမွေဆက်ခံခဲ့ရတာဖြစ်ပြီး လအနည်းငယ်သာ နည်းပြခဲ့ရပြီးနောက် ကာလရှည်စာချုပ်ကို ရုတ်တရက် ဖျက်သိမ်းခံခဲ့ရပြီး အသင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Photo: Bleacher Report

ယင်းအချိန်တုန်းက နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး ဗန်ပါစီဟာ ယူနိုက်တက်မှာ ရှိနေခဲ့ပြီး အသင်းရဲ့ အခြေအနေဟာ စတင်ကျဆင်းနေခဲ့တာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မိုရက်စ်နောက်ပိုင်း လူးဝစ္စဗန်ဟားလ်၊ မော်ရင်ဟိုစတဲ့ နာမည်ကြီး နည်းပြတွေလည်း မျှော်လင့်ထားသလောက် မလုပ်ပေးနိုင်ခဲ့သလို ကစားသမားတွေအနေနဲ့ကလည်း အသင်းရဲ့ အရင်ကအနေအထားအတိုင်း ပြန်ရောက်ဖို့ တာဝန်တွေ ထမ်းဆောင်ရမယ်လို့ ဗန်ပါစီက ပြောကြားလိုက်တာဖြစ်ပါတယ်။

Photo: talkSPORT

“ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အဆင့် ၇ ရခဲ့တယ်လေ၊ စခိုးလ် အနားယူပြီး ဂစ်ကလဲ ကစားသမား-နည်းပြ လုပ်ခဲ့တာနဲ့အတူ အရာအားလူံးက အသစ်တွေ ဖြစ်နေခဲ့တယ်၊ ဖာဂူဆန် နောက်ပိုင်း တာဝန်ယူခဲ့တဲ့ မိုယက်စ်ကို အပြစ်တင်လို့မရပါဘူး၊ သူ့ကိုပဲ ပြောမနေပါနဲ့၊ ကျွန်တော်တို့ ကစားသမားတွေလဲ ပါပါတယ်၊ အသင်းရဲ့ အဆင့်အတန်းက သိပ်မြင့်မားခဲ့ပေမယ့် သူတို့က ကျဆင်းနေခဲ့တယ်” လို့ ဗန်ပါစီက ပြောကြားခဲ့ပါတယ်။