Vape သောက်တတ်သူတွေအနေနဲ့ 18650 ဘက်ထရီဆဲလ်သုံးတဲ့ Vape တွေ ဝယ်ယူသုံးစွဲဖို့ မသင့်ကြောင်း စားသုံးသူဘေးကင်းရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CPSC မှ သတိပေးလိုက်ပါတယ်။

CPSC ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ မီးလောင်ပေါက်ကွဲမှု ဖြစ်နိုင်တာကြောင့် 18650 Lithium-ion ဘက်ထရီဆဲလ်တွေ မသုံးဖို့ သတိပေးတာ ဖြစ်တယ်လို့ ပါရှိပါတယ်။ လက်ရှိမှာ ကော်မရှင်ဟာ eBay လို့ e-Commerce ပလက်ဖောင်းတွေနဲ့ အတူပူးပေါင်းပြီး Vape ၊ e-Cigarettes ၊ ဓါတ်မီးနဲ့ အရုပ်တွေမှာ သုံးတဲ့ 18650 cell အရောင်းစာရင်းတွေ ဖယ်ရှားမှုလုပ်နေတယ်လို့ ဆိုပါတယ်။

Photo: The Verge

“ဒီဘက်ထရီဆဲလ်တွေဟာ သော့တွေနဲ့ ဒင်္ဂါးစေ့တို့လို သတ္ထုပစ္စည်းတွေနဲ့ ထိတွေ့မိရင် ဓါတ်အားစီးဆင်းမှုပုံမမှန်ဖြစ်စေနိုင်တဲ့ မတ်တဲလ်ပိုဆစ်တစ်နဲ့ နဂ္ဂတစ် Terminalsတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့လိုဖြစ်လာရင် အပူလွန်ကဲပြီး ဘက်ထရီဆဲလ်အတွင်းက အရာဝတ္ထုုတွေအပူလွန်လာနိုင်ပါတယ်။ အကျိုးဆက်က မီးလောင်မယ်၊ ပေါက်ကွဲပါမယ်။ ဆိုးဆိုးရွားရွား ထိခိုက်နိုင်သလို အသက်သေဆုံးတဲ့အထိ အန္တရာယ်ရှိပါတယ်။ ” လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာလည်း 18650 cells ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ Amazon လို လက်လီလက်ကားစတိုးတွေကနေ အလွယ်တကူ ဝယ်ယူလာနိုင်ပြီးနောက် ဒီဆဲလ်ပေါက်ကွဲမှုတွေ ပိုများလာဖွယ်ရှိပါတယ်။

Photo : Unsplash

18650 cells ကို ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ LG Chem ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ နောက်ပိုင်းကစပြီး e-Cigarette တင်သွင်းသူတွေကို 18650 cells ဘက်ထရီတွေ ဝယ်ယူမှု ရပ်တန့်ဖို့ စာပို့ခဲ့ပါတယ်။
Sony နဲ့ Samsung တို့ကလည်း ဒီ Cells အသုံးပြုမှုကို သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။