Dimensity 6300 Chipset နဲ့ ဖန်စီဆန်ဆန် ၆.၆၇ လက်မ ကွေးညွှတ် OLED မျက်နှာပြင်ပါတဲ့ ရူပီး ၁၅,၀၀၀ ဝန်းကျန်တန် Lava Blaze X ဖုန်းကို ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ ယခုအခါမှာတော့ Lava Blaze X နဲ့ တူညီတဲ့ Chipset ကို သုံးထားပြီး ဈေးပိုသက်သာတဲ့ Lava Blaze 3 5G မော်ဒယ်အသစ်ကို ကြေညာလိုက်ပါပြီ။

Lava Blaze 3 5G

Photo : GSMArena.com

Lava Blaze 3 5G စမတ်ဖုန်းမှာ ၆.၅၆ လက်မ HD+ Resolution မျက်နှာပြင် တပ်ဆင်ပေးထားပြီး 90Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ RAM / Storage အနေနဲ့ 6GB RAM / 128GB Storage (UFS 2.2) အတွဲအစပ်ကို သုံးပေးထားပြီး 1TB အထိ ထပ်စိုက်နိုင်မယ့် microSD Card Slot တစ်ခု ပါဝင်ပါတယ်။ Software ပိုင်းမှာ Android 14 ကို အသုံးပြုထားပြီး Wi-Fi 5 (ac) ၊ Bluetooth 5.2 ချိတ်ဆက်မှုတွေနဲ့အတူ 3.5mm Headphone Jack နဲ့ Stereo Speakers တွေ ထည့်သွင်းပေးထားပါတယ်။

လက်ဗွေဖတ်စက်ကို ဖုန်းရဲ့ဘေးဘက် ကိုယ်ထည်မှာ တပ်ဆင်ပေးထားပြီး အမြန်ဆုံး ၀.၂၄ စက္ကန့်အတွင်း လော့ခ်ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ Face Unlock ထက် လော့ခ်ဖွင့်နှုန်း ၃ ဆ ပိုမြန်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 50MP Main ကင်မရာ နဲ့ 2MP အကူ ကင်မရာ တို့ကို တွဲဖက်တပ်ဆင် ပေးထားပြီး အထာကျတဲ့ Vibe Light နည်းပညာအသစ်တစ်ခု ပါဝင်လာပါတယ်။ အရှေ့ဘက်မှာတော့ Punch Hole ထဲမှာ မြုပ်နှံထားတဲ့ 8MP ဆယ်လ်ဖီ ကင်မရာ ၁ လုံး ပါပါတယ်။

ဘက်ထရီကတော့ USB-C သုံး 18W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000mAh Li-Po ဘက်ထရီကို ထည့်ပေးထားပြီး 0-100% အားအပြည့်သွင်းဖို့ အချိန် ၂ နာရီ (၁၃၅ မိနစ်) ဝန်းကျင် ကြာမြင့်မှာ ဖြစ်ပါတယ်။

Lava Blaze 3 5G
Photo : GSMArena.com

Lava အနေနဲ့ Lava Blaze 3 5G ဖုန်းမှာ Blaze စီးရီး စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Glass Back အသုံးပြုမှုနဲ့အတူ လှပတဲ့ ဘော်ဒီတည်ဆောက်ပုံတွေနဲ့ ပေးရတဲ့ ဈေးနဲ့ တန်တဲ့ ပရီမီယမ် Features တွေကို ထည့်သွင်းပေးထားပြီး ကာလာတွေကတော့ Glass Blue နဲ့ Glass Gold ဆိုပြီး အရောင် ၂ မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ 6/128GB မော်ဒယ်တစ်မျိုးတည်းအတွက် ရူပီး ၁၀,၀၀၀ ခန့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၈ ရက်နေ့ကနေ စတင်ရောင်းချ ပေးသွားမယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : GadgetByte Nepal