ယနေ့ခေတ်မှာ စေတနာ့၀န်ထမ်းအဖြစ် ပရဟိတလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာကြတာကိုတွေ့ရပါတယ်။ ပရဟိတလုပ်တယ်ဆိုတာ ကိုယ်တစ်ဦးတစ်ယောက်တည်း (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုအတွက် အကျိုးအမြတ်ရယူခြင်းမရှိပဲ အများကောင်းကျိုးအတွက် ကူညီပေးရတဲ့ လုပ်ငန်းတစ်ခုဖြစ်တာကြောင့် မွန်မြတ်သလို ကုသိုလ်လဲရပါတယ်။ ဒါ့ထက်ပိုပြီး ပရဟိတလုပ်ကိုင်ခြင်းမှာ ကောင်းကျိုးများစွာရှိနေပါသေးတယ်။
(၁) ပေါင်းသင်းဆက်ဆံရေးကောင်းစေတယ်

ပရဟိတလုပ်ပြီးဆိုတာနဲ့ လူတန်းစားအလွှာပေါင်းစုံ ၊ မတူညီတဲ့ နယ်ပယ်အသီးသီးက လူမျိုးပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရပါတယ်။ လူတွေနဲ့ များများထိတွေ့ဆက်ဆံရလေ လူတွေအကြောင်းပိုနားလည်လာပြီး ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ ပိုပြီးအဆင်ပြေချောမွေ့လာမှာဖြစ်ပါတယ်။ ဒါကြောင့် ပရဟိတလုပ်တာက သင့်ကိုအရင်ကထက် လူတွေနဲ့ ပေါင်းတက်သင်းတက် ၊ စကားပြောဆိုဆက်ဆံတက်လာစေမှာဖြစ်ပါတယ်။
(၂) မိတ်ဆွေတိုးစေတယ်

Source : Freepik
ပရဟိတလုပ်ကိုင်ခြင်းကနေ မိတ်ဆွေသူငယ်ချင်းအသစ်တွေ တိုးစေတယ်ဆိုတဲ့အချက်ကတော့ ငြင်းလို့မရနိုင်ပါဘူး။ ကိုယ်လိုပဲ စေတနာ့၀န်ထမ်းအဖြစ်လာရောက်လုပ်ကိုင်ကြတဲ့ စိတ်တူကိုယ်တူ ဝါသနာတူအချင်းချင်း မိတ်ဆွေဖွဲ့နိုင်ပါတယ်။ သွားအတူတူ လာအတူတူနဲ့ လုပ်အားပေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ တက်ညီလက်ညီလုပ်ကိုင်ကြရင်း ခင်မင်ရင်းနှီးရဆုံးသူငယ်ချင်းကောင်းတွေတောင်ဖြစ်လာနိုင်ပါတယ်။
(၃) စိတ်ဖိစီးမှုလျော့ကျစေတယ်

Source : Freepik
လေ့လာမှုတွေအရ ပရဟိတလုပ်ကိုင်ခြင်းဟာ စိတ်ဖိစီးမှု ၊ အထီးကျန်ခြင်း ၊ စိတ်ကျရောဂါနဲ့ ဒေါသစိတ်ဖြစ်ခြင်းတွေကိုလျော့ကျသက်သာစေတယ်လို့ ဆိုပါတယ်။ စေတနာ့၀န်ထမ်းအလုပ်ဟာ မွန်မြတ်တဲ့အလုပ်တစ်ခုဖြစ်တာနဲ့အညီ စိတ်ခံစားမှုကိုလည်းတိုးတက်ကောင်းမွန်စေပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးတက်စေတယ်လို့ လေ့လာသူတွေကဆိုထားပါတယ်။
(၄) အတွေ့အကြုံအသစ်တွေရစေတယ်

Source : Freepik
ပရဟိတလုပ်ကိုင်ခြင်းကနေ ငွေနဲ့ဝယ်ယူလို့မရနိုင်တဲ့ ဘဝအတွက်အတွေ့အကြုံအသစ်တွေ ၊ ဘဝသင်ခန်းစာတွေကိုလည်း ရနိုင်ပါသေးတယ်။ အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ၊ လူတွေနဲ့ လိုက်လျောညီထွေနေတက်ခြင်း ၊ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ခြင်း ၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်တိုးတက်စေခြင်းစတဲ့ အတွေ့အကြုံကောင်းတွေရစေပါတယ်။ ဒါ့အပြင် ပရဟိတလုပ်ငန်းတွေက များသောအားဖြင့် လုပ်ခလစာမရပေမယ့် အလကားတက်လို့ရတဲ့ သင်တန်းတွေထောက်ပံ့ပေးတာကြောင့် ဘ၀အတွက်လိုအပ်တဲ့အရည်အချင်းအသစ်တွေ လေ့လာနိုင်မှာဖြစ်ပါတယ်။
(၅) ပျော်ရွှင်စေတယ်

Source : Freepik
ပရဟိတအလုပ်က လူတွေကို ကူညီရတဲ့အလုပ်ဖြစ်တာကြောင့် သင့်ကိုသေချာပေါက် ပျော်ရွှင်မှုပေးစွမ်းမှာဖြစ်ပြီး စိတ်ရောကိုယ်ပါကျန်းမာစေမှာဖြစ်ပါတယ်။ လူတွေကိုများများကူညီလေ ပိုပြီး စိတ်ချမ်းမြေ့ပျော်ရွှင်ရလေပါပဲ။ တခြားလူတွေကိုကူညီပေးခြင်းက ဟော်မုန်းနှင့် ဦးနှောက်လုပ်ဆောင်ချက်တွေကိုကောင်းမွန်စေပြီး ပျော်ရွှင်မှုကြီးကြီးခံစားရစေတယ်လို့ သုတေသီတွေက ပြောထားပါတယ်။
