လမ်းလျှောက်ခြင်းဆိုတာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး အားကစားတစ်မျိုးပါ။ ဒါပေမယ့်လူတော်တော်များများဟာ လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ချိန်မှာ အမှားလေးတွေ လုပ်နေမိတတ်ကြပါတယ်။ အများဆုံး လုပ်မိတဲ့ အမှားလေးတွေက ဘာတွေလဲ။

(၁) ဖိနပ်အရွေးမှားခြင်း

Photo: Freepik

ဖိနပ်တွေဟာ ခြေဖဝါးတွေအတွက် မိတ်ဆွေစစ်စစ်တွေပါပဲ။ လမ်းလျှောက်တဲ့သူအဖို့တော့ Walking Shoes တွေ စီးတာ အကောင်းဆုံးပါပဲ။ လမ်းလျှောက်စီး သီးသန့်ဖိနပ်တွေဟာ ခြေကျင်းဝတ်တွေနဲ့ ခြေဖဝါးတွေ သက်သာအောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဝေးဝေးလျှောက်မယ့်သူအဖို့ Walking Shoes ကောင်းကောင်းတစ်ရံတော့ ပိုင်ထားသင့်ပါတယ်။

(၂) လက်ဝှေ့ယမ်းလွန်းခြင်း

Photo: Freepik

လမ်းလျှောက်ချိန်မှာ လက်တွေဟာ ခြေထောက်တွေနဲ့ တန်ပြန်ဝိတ်တွေအဖြစ် လှုပ်ရှားပါတယ်။ ဘယ်ခြေနဲ့ ညာဘက်စည်းချက်ကျကျ လှုပ်ရှားခြင်းဟာ တစ်ကိုယ်လုံးက သွေးသားနဲ့ အကြောတွေ အလုပ်ပေးပါတယ်။ ဒါပေမဲ့လည်း လက်တွေကို သိပ်မလွှဲဖို့တော့ လိုပါတယ်။ လက်မောင်းတွေကို အကြောလျှော့ထားပြီး သဘာဝကျကျပဲ လှုပ်ရှားပါ‌စေ။

(၃) ကျောပိုးအိတ်နဲ့ လမ်းလျှောက်ခြင်း

Photo: Freepik

နောက်ထပ်လမ်းလျှောက်ချိန် အမှားတစ်ခုက လမ်းလျှောက်ထွက်ချိန်မှာ ပစ္စည်းတစ်ခုခု သယ်ပိုးသွားခြင်းပဲ ဖြစ်ပါတယ်။ များသောအားဖြင့် ကျောပိုးအိတ်လို ၊ ဘေးလွယ်အိတ်လိုမျိုး တစ်ခုခု လွယ်ပြီး လမ်း‌လျှောက်တာ ဖြစ်ပါတယ်။ ကြာလာရင် ပုခုံးနဲ့ လည်ပင်းတွေမှာ ဖိအားဖြစ်လာပြီး ဒဏ်ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်ချိန်မှာ တစ်ကိုယ်လုံးမှာ ကိုယ့်ကိုယ်ခန္ဓာကလွဲပြီး ဘာမှ သယ်စရာမလိုအောင် လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။

(၄) ခြေလှမ်းပုံမှန်မဟုတ်ခြင်း

Photo: Freepik

လမ်းလျှောက်တဲ့အခါ တချို့ဟာ ခြေလှမ်းကို မြန်လိုက်နှေးလိုက် ၊ စိပ်လိုက် ကျဲလိုက် ပုံစံမကျလျှောက်တဲ့အကျင့်ရှိပါတယ်။ ဒါဟာ ကိုယ်ခန္ဓာရဲ့ဟန်ချက်ကို ပျက်စေသလို မလိုအပ်ဘဲခြေကျင်းဝတ်နဲ့ ခြေသလုံးအားကို ထိခိုက်နာကျင်အောင် လုပ်နေသလို ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက လမ်းလျှောက်ချိန်မှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာရှိရှိ ဖြစ်အောင် ထားပြီး လမ်းလျှောက်ကြဖို့ ဖြစ်ပါတယ်။

(၅) ရေသောက်နည်းခြင်း

Photo: Freepik

အားကစားလုပ်တဲ့သူဟာ Hydration လို့ခေါ်တဲ့ ရေဓါတ်ပြည့်ဖို့အတွက်လည်း ဂရုစိုက်ရပါတယ်။ ကိုယ်လမ်းလျှောက်တဲ့အချိန်မှာ ရာသီဥတုက ပူနွေးပြီး စိုစွတ်မှုရှိတယ်ဆိုရင် လမ်းလျှောက်လို့ နာရီဝက်တစ်ခါတိုင်း ရေတစ်ခါလောက် သောက်ပေးသင့်ပါတယ်။ အရေးကြီးတဲ့အချက်က လမ်းလျှောက်ချိန်မှာ ရေသောက်သုံးမှုလည်း မပျက်ကွက်စေဖို့ ဖြစ်ပါတယ်။