ဒီနေ့ခေတ်မှာ ကိုယ်ခန္ဓာလှဖို့ Gym ကစားတဲ့ အမျိုးသားတွေလည်း ရှိသလို မျက်နှာ Skin Care လုပ်သူတွေလည်း မမှားပါဘူး။ Skin Care လုပ်တာ အပြစ်ဆိုစရာ မဟုတ်ပေမယ့် ဘယ်အရာမဆို လိုတာထက်ပိုရင် မကောင်းပါဘူး။ တစ်ချို့တွေလည်း မျက်နှာအလှပြင်လွန်းလို့ အခုပြောတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာတတ်ပါတယ်။

(၁) အရေပြား တင်းမာ အက်ကွဲခြင်း

Photo: fragrancex

အသားအရေ ခြောက်သွေ့အက်ကွဲလာတယ် ဆိုတာ တစ်ခုခုတော့ မှားနေလို့ပါ။ ကိုယ်သုံးဖူးတဲ့ Skin Care ထဲမှာ pH ပါဝင်မှု ဟန်ချက်မညီဖြစ်စေတဲ့ အလှကုန်တွေပါလာလို့လည်း ဖြစ်နိုင်ပါတယ်။ မှန်ကန်တဲ့ pH ဟန်ချက်ညီမှုဟာ ဆဲလ်အသစ်တွေ ဖြစ်ထွန်းစေပြီး ကော်လာဂျင်အသစ်တွေ ဖြစ်စေနိုင်တာကြောင့် ကိုယ်သုံးတဲ့ Skin Care အချိန်အဆနဲ့ သုံးသင့်ပါတယ်။

(၂) မျက်နှာယောင်ကိုင်းခြင်း

Photo: thehealthsite

ဒီပြဿနာက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေ အများကြီးပါပဲ။ အင်ဇိုင်းတွေနဲ့ မျက်နှာချေးချွတ်တဲ့ အက်စစ်ကြောင့်ဖြစ်နိုင်သလို ဘက်တီးရီးယားကူးစက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Moisturizer သုံးမှုများခြင်းကလည်း ဒီအခြေအနေကို ပိုဆိုးနိုင်ပါတယ်။ မျက်နှာယောင်လာရင် ဒီအလှကုန်တွေ သုံးတာ လျှော့သင့်ပါတယ်။ မိတ်ဖုလိုမျိုး အဖုအပိမ့်ထွက်လာခြင်း ကလည်း အလားတူ ပြဿနာပဲ ဖြစ်ပါတယ်။

(၃) အမည်းကွက်များ ပေါ်လာခြင်း

Photo: drhealthclinic

အသားအရေအရောင်ပြောင်းခြင်းဆိုတာ ရောဂါကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်သုံးနေတဲ့ Skin Care ထဲက ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လူတွေဟာ Skin Care လုပ်ရင်းနဲ့ မျက်လုံး ၊ နှာခေါင်းနဲ့ မေးနားတစ်ဝိုက်မှာ အမည်းကွက်တွေ ပေါ်လာတာမျိုး ကြုံနိုင်ပါတယ်။ ဒါမျိုးဆိုရင် Skin Care လုပ်မှု လျှော့ပြီး လိုအပ်ရင် ဆေးခန်းပြသင့်ပါတယ်။

(၄) မျက်နှာအဆီအလွန်အကျွံပြန်ခြင်း

Photo: toolsofmen

တစ်ချို့သူတွေဟာ အလှအပ ဂရုစိုက်ရဲ့သားနဲ့ မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ဖြစ်နေတယ်ဆိုရင် ဒါလည်း Skin Care လုပ်တာ လွန်လို့ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ဒီပြဿနာမျိုးက ကိုယ့်ဘာသာ ကုလိုက်လို့ ပျောက်ကင်းသွားနိုင်သလို တစ်ခါတစ်လေမှာလည်း အလှအပရေးရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တွေ့ဖို့ လိုပါတယ်။

(၅) အရေပြားလောင်ခြင်း

Photo: healthline

နေလောင်ဒဏ် ခံရလို့ အသားအရေလောင်သွားတာမျိုး မြင်ဖူးမှာပါ။ နေလောင်ကာခရမ်လိမ်းတဲ့ သူတွေမှာ ဒါမျိုးကြုံလာပြီဆိုရင် ဒီခရမ်ထဲက ပါဝင်ပစ္စည်းကြောင့် ဖြစ်နိုင်ပါတယ်။ Sunscreen တွေထဲမှာ ပါတဲ့ တစ်ချို့ Chemical Filters တွေကို အများကြီးသုံးမိရင် အရေပြားပေါ်က ကာကွယ်ပေးထားတဲ့ အလွှာကို ပျက်စီးစေနိုင်ပါတယ်။