အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ CDC ဟာ သတိထားရမယ့် နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာစာရင်းမှာ နောက်ထပ် လက္ခဏာသစ် ၆ မျိုး တရားဝင် ထပ်ဖြည့်လိုက်ပါတယ်။ အများပြည်သူအနေနဲ့ ယခင်ကလို ချောင်းဆိုးခြင်း ၊ အသက်ရှုရခက်ခြင်း နဲ့ ဖျားနာခြင်းတို့လို ကြေညာထားတဲ့ ရောဂါလက္ခဏာတွေအပြင် အခု လက္ခဏာသစ်တွေကိုပါ သတိထားဖို့ CDC က ဆိုပါတယ်။
Photo: Business Insider
CDC ကနေ ကြေညာထားတဲ့ လက္ခဏာသစ်တွေထဲမှာ
- ချမ်းစိမ့်စိမ့်ဖြစ်ခြင်း
- တစ်ကိုယ်လုံး ချမ်းတုန်နေခြင်း
- ကြွက်သားနာကျင်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- လည်ချောင်းနာခြင်း
- အနံ့/အရသာပျောက်ဆုံးခြင်း တို့ ဖြစ်တယ်လို့ တရားဝင် ကြေညာလိုက်တာပါ။
CDC ဟာ မူလက COVID-19 ရောဂါလက္ခဏာတွေအဖြစ် ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း ၊ အသက်ရှုရခက်ခြင်းဆိုတဲ့ ရောဂါလက္ခဏာ ၃ ခုကို အတည်ပြုကြေညာထားတာပါ။ ဒီလက္ခဏာတွေဟာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်း ပေါ်လာနိုင်တယ်လို့လည်း CDC က ဆိုပါတယ်။
CDC ကနေ ကြေညာထားတဲ့ လက္ခဏာအများစုဟာ ရိုးရိုးတုပ်ကွေးအဖျားတွေနဲ့လည်း ဆက်နွယ်နေတတ်တဲ့ လက္ခဏာတွေလည်း ဖြစ်ပါတယ်။ COVID-19 အတွက် အရေးပေါ် သတိပေးလက္ခဏာအဖြစ် ကျန်းမာရေးအာဏာပိုင်များ ထည့်သွင်းပြောကြတဲ့ အချက်တွေထဲမှာတော့ အသက်ရှုရခက်ခြင်း ၊ ရင်ဘတ်ဆက်တိုက်နာခြင်း (သို့) ရင်ဘတ်မှာ ဖိညှစ်ထားသလို ဖြစ်နေခြင်း ၊ အိပ်ရာက နိုးလာချိန်မှာ စိတ်ရှုပ်ထွေးခြင်း ချက်ချင်းနိုးထဖို့ ခက်ခြင်း နဲ့ မျက်နှာ/နှုတ်ခမ်းတို့မှာ အပြာရောင် သန်းနေခြင်းတို့ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
Photo ; BBC
ဧပြီ ၂၈ ရက်နေ့အထိ worldometers.info ရဲ့ အချက်အလက်တွေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော် ရှိလာပြီး ကမ္ဘာတစ်လွှားသေဆုံးသူ ၂၁၂၇၇၄ ဦးအထိ ရှိလာပြီလို့ ဖော်ပြထားပါတယ်။