ရေလှိုင်းပုံတက်တူးများသည် အစဉ်မပြတ်ပြောင်းလဲနေသော စိတ်ခံစားချက်များကို ရည်ညွှန်းပါတယ်။ ရေလှိုင်းလုံးများသည် တစ်နေရာတည်းမှာ ဘယ်တော့မှ ငြိမ်မနေပါဘူး။ လှိုင်းငြိမ်နေတဲ့အချိန်မှာတောင် အနည်းငယ်တော့ လှုပ်ရှားတတ်ပါတယ်။
ဒီလိုရေလှိုင်းပုံတက်တူးမျိုးကို ပင်လယ်ချစ်သူများ၊ ရေလွှာလျှောစီးအားကစားကို နှစ်သက်သူတဲ့ အမျိုးသားအများစု ထိုးလေ့ရှိကြပြီး ယခုနောက်မှာတော့ တော်တော်လေးခေတ်စားလာတာကြောင့် အမျိုးသားအများစု အထိုးများလာတဲ့ တက်တူးထဲမှာ တစ်ခုပါဝင်ပါတယ်။
ရေလှိုင်းလုံးနဲ့ တွဲဖက်ရေးဆွဲတဲ့တက်တူးအမျိုးအစားပေါ် မူတည်ပြီးလည်း သူ့တက်တူးရဲ့အဓိပ္ပာယ်က အနည်းငယ်ကွဲပြားသွားနိုင်ပါတယ်။
ရေလှိုင်းနှင့် ပန်းပုံတက်တူး
စောစောက ဖော်ပြခဲ့သလိုပဲ ရေနှင့် ရေလှိုင်းပုံတက်တူးသည် အမြဲမပြတ်လှုပ်ရှားနေခြင်းကို ကိုယ်စားပြုပြီး သဘာဝတရားရဲ့မရပ်တန့်နိုင်ခြင်း၊ အချိန်ကို ထိန်းချုပ်မရခြင်းတို့ကို ကိုယ်စားပြုပါတယ်။ ပန်းပွင့်ပုံတက်တူးများနဲ့ အတူတူရေးထိုးထားမယ်ဆိုရင်တော့ ထိုပန်းပွင့်ရဲ့ငယ်ရွယ်နုပျိုလှခြင်းကို ကိုယ်စားပြုတာဖြစ်ပါတယ်။ တချိန်ချိန်မှာတော့ ထိုပန်းပွင့်သည်လည်း နွမ်းလျသွားမယ့်အချိန်ကို ရောက်ရှိလာမှာဖြစ်ကြောင်း ရည်ညွှန်းပါတယ်။
ရေလွှာလျှောစီးသူနှင့် ရေလှိုင်းလုံး
ဒီတက်တူးပုံကတော့ ရိုးရှင်းပါတယ်။ ရေလွှာလျှောစီးရတာ နှစ်သက်သူတစ်ယောက်ရဲ့တက်တူးမျိုးလို့ ဖော်ပြနိုင်ပါတယ်။ ရေကူးသူများ၊ သင်္ဘောသားများ၊ ရေလွှာလျှောစီးသူများသည် ရေလှိုင်းလုံးများနှင့် ဒီရေအတက်အကျသည် ထိန်းချုပ်လို့မရကြောင်း၊ သဘာဝတရားကို လေးစားဖို့လိုအပ်ကြောင်း သိနားလည်ကြပါတယ်။
တောင်နှင့် ရေလှိုင်းလုံးပုံတက်တူး
ဒီတက်တူးကတော့ သဘာဝတရားကြီးသည် သူ့နေရာနှင့်သူ ဟန်ချက်ညီနေကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။ ရေလှိုင်းလုံးသည်လည်း တောင်ထက်မကြီးကြောင်း၊ တောင်သည်လည်း ရေလှိုင်းလုံးထက် မကြီးကြောင်း ဖော်ပြနေတာပါ။
ပင်လယ်ကြီးနှင့် ရေလှိုင်းလုံး
ပင်လယ်ကြီးသည် ကျယ်ပြန့်နက်နဲသောအရာတစ်ခုဖြစ်ပြီး ယနေ့ချိန်ထိတိုင် ထူးခြားဆန်းကြယ်မှုများနဲ့ ပြည့်နက်နေတာဖြစ်ပါတယ်။ ရေအောက်တွင် အောက်စီဂျင်အကူအညီမပါဘဲနဲ့ လူသားများ အသက်ရှုလို့မရခြင်းသည်လည်း ဒီတက်တူးကနေတဆင့် မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် သဘာဝတရားကြီးသည် သူ့နေရာနှင့်သူလှပနေကြောင်း တွေ့မြင်နိုင်ပါတယ်။
ဂျပန်ရိုးရာပုံရေလှိုင်းတက်တူး
ဒီတက်တူးပုံကိုတော့ ဂျပန်လို Gakoubori လို့ အမည်ပေးထားပါတယ်။ ထိုတက်တူးထဲမှာ အများဆုံးအသုံးပြုတာကတော့ ရေ၊ တိမ်၊ လေ၊ မီး၊ ကျောက်တုံးနှင့် ကမ္ဘာမြေကြီးအစရှိတဲ့ အခြေခံအချက်များကို ထည့်သွင်းခဲ့တာဖြစ်ပြီး ရှုပ်ထွေးနက်နဲတဲ့တက်တူးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်။
သင့်အနေနဲ့ သင့်ခန္ဓာကိုယ်မှာ ရေလှိုင်းပုံတက်တူးလေး ထိုးချင်တယ်ဆိုရင်တော့ ကိုယ်ထိုးမယ့်တက်တူးရဲ့နောက်ကွယ်ကအဓိပ္ပာယ်ကို သိထားမှသာလျှင် သင့်အတွက်အဓိပ္ပာယ်ရှိမှာပါ။
Source: Nextluxury.com