လူတွေဟာနေ့စဉ်နေ့တိုင်း စကားပြောဆိုနေကြတယ်ဆိုပေမယ့် လူတိုင်းကတော့ စကားပြောကောင်းကြသူတွေမဟုတ်ကြပါဘူး။ စကားပြောကောင်းတဲ့စွမ်းရည်ဟာ လူမှု့ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ လိုက်လျောညီထွေစွာနေထိုင်ဖို့ လိုအပ်တဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဒီတစ်ခေါက်မှာတော့ လူအများသဘောကျနှစ်သက်တဲ့ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့ သိထားရမယ့် နည်းလမ်းတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) ကောင်းကွက်ကိုချီးကျူးပါ

Source : Focused

မိမိရဲ့ကောင်းကွက်ကို ချီးကျူးပြောဆိုခြင်းကို လူတိုင်းနီးပါးနှစ်သက်သဘောကျကြပါတယ်။ လူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံတဲ့အခါ သူရဲ့အားသာချက်တစ်ခုခုကိုရှာပြီး ချီးကျူးစကားပြောဆိုပါ။ ဥပမာ မင်းကဖော်ရွေမှုရှိပြီး သိပ်ကိုကြင်နာတက်တာပဲ မင်းအပြုံးကဆွဲဆောင်မှုရှိတယ် မင်းကစမတ်ကျကျဝတ်တက်တယ် ဖက်ရှင်အမြင်ရှိတယ် စသည်ဖြင့် လူတစ်ယောက်ရဲ့ ကောင်းကွက်လေးတွေကို ချီးကျူးစကား အနေနဲ့ပြောလိုက်ပါ။ အလွန်အကျွံ မြှောက်ပင့်တဲ့ပုံစံတော့ မဖြစ်ပါစေနဲ့။

(၂) သက်တောင့်သက်သာပြောဆိုပါ

Source : Meaws

တစ်ဖက်လူကိုရှိန်ပြီး စိတ်ကိုတင်းကျပ်ထားမိရင် စကားပြောတဲ့အခါ သက်တောင့်သက်သာမရှိတဲ့ ပုံရိပ်ကိုပေါ်လွင်နေစေပါတယ်။ ထိုအခါ ကိုယ်တိုင်လည်းစကားပြောရတာခက်ခဲသလို တစ်ဖက်လူအတွက်လည်းအနေခက်သွားစေပါတယ်။ ဒါကြောင့် စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။ ရင်းနှီးတဲ့အသွင်ကိုဆောင်ပြီး ခပ်ပြုံးပြုံးလေးစကားပြောဆိုပါ။ စိတ်လက်ပေါ့ပါးစွာနဲ့ လက်ဟန်အမူအရာလေးတွေထည့်ပြောတာကလည်း ဆွဲဆောင်မှုရှိစေတဲ့နည်းလမ်းတစ်ခုပါ။

(၃) အပြန်အလှန်ပြောဆိုပါ

Source : Shimmering Careers

စကားပြောကောင်းဖို့ဆိုတိုင်းလည်း တစ်ဖက်လူကိုပေးမပြောပဲ တစ်ယောက်တည်းပြောနေလို့မရပါဘူး။ ကိုယ်ရဲ့စကားတွေပဲနားထောင်နေရရင် တစ်ဖက်လည်းပျင်းရိငြီးငွေ့လာပြီး သင့်အပေါ် အာရုံစိုက်မှုလျော့နည်းလာပါလိမ့်မယ်။ ဒါကြောင့် စကားပြောတဲ့အခါ သင်တစ်ယောက်တည်းမပြောပဲ တစ်ဖက်ရဲ့အမြင်လေးတွေ ထင်မြင်ချက်လေးတွေကိုပြောခွင့်ပေးပါ။ သူအနေနဲ့ နှုတ်ဆိတ်နေခဲ့မယ်ဆိုရင်လည်း ကိုယ်ကစပြီး မင်းရဲ့အမြင်ရောဘယ်လိုရှိလဲ ဘယ်လိုထင်မြင်လဲဆိုတဲ့စကားလေးတွေနဲ့ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်ပါ။

(၄) ဟာသလေးတွေရောပြောပါ

Source : Desafio Joven

စကားပြောတဲ့အခါ ဟာသလေးတွေ စိတ်ရွှင်မြူးစေမယ့်အကြောင်းအရာလေးတွေက တစ်ဖက်လူရဲ့စိတ်ကိုသင့်အပေါ်ရောက်လာအောင်ဆွဲဆောင်နိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ လူအများစုက ရယ်စရာဟာသလေးတွေ ပျော်ရွှင်စရာအကြောင်းအရာလေးတွေကို နားထောင်ဖို့ ပိုပြီးစိတ်ဝင်စားကြပါတယ်။ ဟာသလေးတွေပြောတက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားက ရင်းနှီးမှုကိုလည်းတိုးစေပြီး သင့်ကိုစကားပြောကောင်းသူတစ်ယောက်အဖြစ် မှတ်ချက်ပေးခံရမှာဖြစ်ပါတယ်။