ယောင်္ကျားတစ်ယောက်ရဲ့ အခြေခံလိုအင်ဆန္ဒတွေထဲမှာ အောင်မြင်ခြင်း ၊ လေးစားခံရမှုနဲ့ ချစ်ခြင်းတွေက အဓိကလို့ ဆိုနိုင်ပါတယ်။ မိန်းကလေးတွေကတော့ သူတို့သဘောကျတဲ့ ယောင်္ကျားလေးတွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်မြင့်မြင့် ထားတတ်ကြစမြဲပါ။

ကောင်မလေးတွေစိတ်ကို လှုပ်ရှားစေနိုင်တဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ ချမ်းသာပြီး ရုပ်ချောရုံနဲ့ မလုံလောက်ပါဘူး။ အမျိုးသမီးတွေ မက်မောတဲ့ ယောင်္ကျားတစ်ယောက်ဆိုတာ အခုပြောမယ့်အချက်တွေနဲ့ နီးစပ်မှုအရှိဆုံးသူတွေ ဖြစ်လေ့ရှိပါတယ်။

(၁) ဦးဆောင်မှုစွမ်းရည်ကောင်းသူ

Leadership

Photo: Unsplash

ယောင်္ကျားတစ်ယောက်ကို ရွေးချယ်တဲ့နေရာမှာ အဲ့ဒီလူဟာ အားကိုးလောက်လားဆိုတဲ့အချက်ကို မိန်းကလေးတွေက အခြေခံပြီး စဉ်းစားလေ့ရှိပါတယ်။ ဒီလိုပြောလို့ အာဏာရှင်ဆန်ဆန် အမိန့်ပေးတတ်သူကို ကြိုက်တာမျိုး မဟုတ်ဘဲ မားမားမတ်မတ် ရင်ဆိုင်ဖြေရှင်းတဲ့ တာဝန်ယူစိတ်ရှိတဲ့သူမျိုးကို ပြောတာပါ။ ဘဝမှာ ကြုံမယ့်ပြဿနာတွေကို ယောင်္ကျားပီပီ ရှေ့တန်းက ဖြေရှင်းဖို့ စိတ်သွင်းထားသူ ၊ ချစ်သူရည်းစား ဇနီးမယားကို စိတ်အားဖြင့်ရော ကိုယ်အားဖြင့်ပါ လုံခြုံအောင် ထားတတ်သူမျိုးကို မိန်းကလေးတွေက တောင့်တကြတာ ဖြစ်ပါတယ်။

(၂) နားထောင်တတ်သူ

Man Gazing at Woman

Photo: Unsplash

ဆက်ဆံရေးကောင်းတစ်ခုဆိုတာ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ကူး‌ အလိုဆန္ဒတွေ နဲ့ လိုအင်တွေကို မျှမျှတတ ဖလှယ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဆက်သွယ်မှုဆိုရာမှာ စကားနဲ့ ဆက်သွယ်မှုက အများဆုံးပါပဲ။ ကယ်လီဖိုးနီးယားတက္ကသိုလ် ပါမောက္ခ လော်ရာနီ ဘရိုင်ဇန်ဒိုင်းရဲ့ အဆိုအရ အမျိုးသမီးတွေဟာ တစ်ရက်ကို စကားလုံး ၂ သောင်း ပျမ်းမျှ သုံးနှုန်း ပြောဆိုပြီး ယောင်္ကျားလေးတွေက စကားလုံး ၇၀၀၀ ခန့် ပြောကြတယ်လို့ ဆိုပါတယ်။

ဆိုလိုတာက မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် ၃ ဆပိုပြီး စကားပြောကြပါတယ်။ ဒီတော့ ယောင်္ကျားလေးတွေအနေနဲ့ မိန်းကလေးတွေနဲ့ ဆက်ဆံတဲ့အခါ ပုံမှန်ထက် ပိုနားထောင်ပေးတတ်ဖို့ လိုပါလိမ့်မယ်။ နားထောင်မှုစွမ်းရည်မြင့်သူဟာ တစ်ဖက်လူနဲ့ နားလည်မှုယူနိုင်စွမ်း အမြင့်ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

(၃) ရှေ့ရေး တွေးတတ်သူ

Woman and Man

Photo: Unsplash

သဘောထားကြီးပြီး အတွေးအခေါ် ကျယ်ပြန့်သူမျိုး ဖြစ်ဖို့ ကြိုးစားပါ။ သဘောထားကြီးတဲ့ အတွေးအခေါ်ရှိတဲ့ ယောင်္ကျားတစ်ယောက်ဟာ အတ္တစိတ်နည်းလို့ သူတစ်ပါးအတွက် စဉ်းစားပေးတတ်သလို စာနာစိတ်ရှိပြီး ရိုးသားဖြောင့်မတ်သူအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဒီလိုလူမျိုးဟာ ဆွဲငင်အားကောင်းတဲ့ ဓါတ်သဘာဝရှိလို့ သူနဲ့ ဆုံသူတိုင်းက နှစ်လိုခင်မင်ကြတာ အမှန်ပါပဲ။ အမျိုးသမီးတွေအဖို့လည်း အတွေးအခေါ်ရှိပြီး ရှေ့နောက် ချိန်ဆနိုင်တဲ့ အမျိုးသားကို မဆွတ်ခင်ကတည်းက ညွှတ်ချင်ကြစမြဲ ဖြစ်ပါတယ်။

(၄) ပညာတတ်ပြီး ယဉ်ကျေးတဲ့သူ

Couple Sitting at the Cafe Shop

Photo: Unsplash

Good Manners ဆိုတာ နေရာတိုင်းမှာ အရေးပါတဲ့ လူမှုကျင့်ဝတ်စည်းကမ်းပဲ ဖြစ်ပါတယ်။ စကားပြောရာမှာ ၊ အစားစားရာမှာ ၊ လူတွေနဲ့ ဆက်ဆံရာမှာ ၊ အလုပ်လုပ်ရာမှာ စတဲ့စတဲ့ နေရာဌာနပေါင်းစုံမှာ ယဉ်ကျေးမှုနဲ့ အလိုက်သိမှု ရှိခြင်းဟာ အဆင့်အတန်းရှိတဲ့ လူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေတဲ့ လက္ခဏာပါပဲ။ ပညာတတ် လူယဉ်ကျေးတစ်ယောက် ၊ ကျင့်ဝတ်နားလည်လိုက်နာသူတစ်ယောက်ကို မိန်းကလေးတွေ ငြင်းဖို့ ခက်ပါတယ်။

(၅) ပျော်ရွှင်စေသူ

Couple Laughing

Photo: Unsplash

ဘယ်သူမဆို သူတို့ကို ပျော်အောင်ထားတဲ့ လူနဲ့ အတူရှိရတာကို သဘောကျမှာပါပဲ။ ပျော်ရွှင်စေခြင်းဆိုတာ သင်က တခြားသူကို ပေးနိုင်တဲ့ စရိတ်စကအနည်းဆုံး တန်ဖိုးကြီး လက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတစ်ယောက် ကိုယ့်ကို သဘောကျစေချင်ရင် ဟာသဉာဏ်ရှိပါ။ အချိန်ကိုက် ဟာသလေးတွေနဲ့ သူတစ်ပါးကို ရွှင်မြူးအောင် ထားသူဟာ ကိုယ်တိုင်လည်း ပျော်ရွှင်နေရလို့ ဖြစ်ပါတယ်။

Featured Photo: pinchofattitude