စိတ်ဖိစီးမှုနဲ့ ဆံပင်ကျွတ်ခြင်းပြဿနာက ဆက်စပ်မှုရှိပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်ခြင်းက အဖြစ်များဆုံး ပြဿနာတစ်ခုပါ။ သတင်းကောင်းကတော့ စိတ်ဖိစီးမှုကို လျော့ချနိုင်ရင် ဆံပင်တွေ ပြန်ပေါက်လာနိုင်တယ်ဆိုတာပါပဲ။ အကယ်၍ သင်ဟာ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့  ဆံပင်ကျွတ်ခြင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းလို့ရပါတယ်။

(၁) မျှတစွာ စားပါ

Photo : Food Business News

အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင်စားသုံးခြင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ဆံပင်ကျွတ်ခြင်းကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ကြက်ဥ ၊ ငှက်ပျော်သီး ၊ နွားနို့ ကဲ့သို့ biotin နဲ့ protein ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။ ဒီအစားအစာတွေက ဆံပင် နဲ့ ခြေသည်းလက်သည်း သန်မာလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဗီတာမင် C ၊ ဗီတာမင် E နဲ့ omega-3 fatty acids ကဲ့သို့ antioxidants များပါဝင်တဲ့ အစားအစာတွေလည်း ပြည့်စုံမျှတအောင် စားပေးဖို့လိုပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ


Photo : iStock

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ အိပ်စက်ခြင်းကို များစွာထိခိုက်စေနိုင်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ ချို့ယွင်းမှုတွေက ခန္ဓာကိုယ်တွင်း ဟော်မုန်းဓာတ် ဟန်ချက်ညီမှုကို ပြောင်းလဲစေပြီး ဆံပင်ကျွတ်ခြင်းနဲ့ ဝက်ခြံပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ အနည်းဆုံး ၇ နာရီကနေ ၉ နာရီခန့် လုံလောက်စွာအိပ်စက်ဖို့ လိုအပ်ပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းက စိတ်ဖိစီးမှုလျော့နည်းစေပြီး ဆံပင်နဲ့ အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ဆောင်ပါ

Photo : GQ

စိတ်ဖိစီးမှုလျော့ချနိုင်ဖို့အတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခုက ကိုယ်ကာယလေ့ကျင့်ခန်း ပုံမှန်လုပ်တာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေနိုင်ပြီး စိတ်ဖိစီးမှုများစေတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ပိုမိုကောင်းမွန်စွာ ဖြေရှင်းစေနိုင်မှာဖြစ်ပါတယ်။  စိတ်ဖိစီးမှုလျော့နည်းလာတာနဲ့အမျှ ဆံပင်ပျက်စီးဆုံးရှုံးမှုပြဿနာတွေလည်း နည်းလာမှာဖြစ်ပါတယ်။ ယောဂ ကစားခြင်း ၊ တရားထိုင်ခြင်းနည်းလမ်းတွေကလည်း စိတ်ကိုတည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို အထိရောက်ဆုံးလျော့ချပေးနိုင်ပါတယ်။

(၄) အပူနဲ့ ဓာတုပစ္စည်းများကို ရှောင်ပါ

Photo : SPY

ပုံမှန်ထက် ဆံပင်တွေ ကျွတ်နေချိန်မှာ ဓာတုပစ္စည်းပါဝင်တဲ့ ဆံပင်ထုတ်ကုန်တွေအသုံးပြုခြင်း ၊ ဆံပင်ကာလာပြောင်းခြင်း ၊ လေမှုတ်စက်ဖြင့် အခြောက်ခံခြင်း ၊ ရေပူဖြင့်ခေါင်းလျော်ခြင်းစတာတွေကို တက်နိုင်သလောက် ရှောင်ကြဉ်ဖို့လိုပါတယ်။ အပူနဲ့ ဓာတုပစ္စည်းပါဝင်တဲ့ ထုတ်ကုန်တွေ ဦးရေပြားကို တိုက်ရိုက်ထိတွေ့ခြင်းဟာ ဦးရေပြားပေါ်က သဘာဝ အဆီတွေ ခမ်းခြောက်စေပြီး ဆံသားကို ပျက်စီးစေကာ ဆံပင်ကျွတ်တာတွေ ပိုဖြစ်စေနိုင်လို့ပါပဲ။

Featured Photo : Evening Standard