၂၀၂၂ ကို ရောက်လာပြီ ဖြစ်ပေမယ့် ကိုဗစ်လက်ချက်က မလွတ်နိုင်ကြသေးပါဘူး။ အခုကိုပဲ ဟိုနားဒီနားမှာ အိုမီခရွန်သောင်းကြမ်းနေတာတွေ ကြားနေရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့အတွက်တော့ ကိုယ့်ဘက်က မပေါ့ဘဲ လိုက်နာသင့်တာလေးတွေ လုပ်နာဖို့ လိုပါတယ်။

(၁) ထိန်းချုပ်မှုရှိပါ

Burger

Photo: Unsplash

ကျန်းမာဖို့အတွက် စိတ်ရောလူရော အလိုမလိုက်ဘဲ ထိန်းချုပ်သင့်တာတွေ ထိန်းချုပ်ဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ မညီတာတွေ မစားဘူး။ အစားအသောက်ကို လွန်လွန်ကဲကဲ မစားဘူးဆိုတာမျိုး ထိန်းချုပ်တာကနေ ဖုန်းကို အချိန်နဲ့အခါနဲ့ သုံးမယ် ၊ အားကစားလည်း လုပ်ဖြစ်အောင် လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် Take Control လုပ်ရမှာ ဖြစ်ပါတယ်။

(၂) မနက်စာ စားဖြစ်အောင် စားပါ

Breakfast

Photo: Unsplash

တစ်နေ့တာရဲ့ ပထမဆုံးစားသောက်မှုဖြစ်တဲ့ မနက်စာကို မစားဘဲ မနေပါနဲ့။ မနက်စာ မစားခြင်းဟာ သင့်ကျန်းမာရေးကို ထိခိုက်အောင် လုပ်နေသလိုပါပဲ။ မနက်စာအတွက် အာဟာရပြည့်ပြည့် ကျန်းမာရေးနဲ့ ညီညွတ်အောင် စီမံချက်ပြုတ်ပြီး စားပါလို့ တိုက်တွန်းချင်ပါတယ်။ တစ်နေ့တစ်နေ့ အစေ့အဆံ ၊ အသားဓါတ် ၊ အမျှင်ဓါတ်နဲ့ အပင်အခြေခံ အိုမီဂါ-၃ ALA ပါအောင်လည်း စားပေးဖို့ လိုပါတယ်။ သကြားလိုမျိုး ကျန်းမာရေးနဲ့ မညီတဲ့ အစားအသောက်ကတော့ လျှော့ပါ။ ရှောင်ပါလို့ ပြောချင်ပါတယ်။

(၃) ရေများများသောက်ပါ

Water

Photo: Unsplash

ရေဓါတ်ဖြည့်ဖို့လည်း မမေ့ဖို့ ပြောချင်ပါတယ်။ ရေလုံလောက်အောင် မသောက်ခြင်းက ဇီဝကမ္မဖြစ်စဉ်လည်း ကျဆင်းစေပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေလည်း စုပုံစေတာမျိုး ဖြစ်တတ်လို့ပါ။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေလည်း များများ စားပေးဖို့ မမေ့ပါနဲ့။

(၄) ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ

exercise

Photo: Unsplash

လေ့ကျင့်ခန်း လုပ်ဖို့ မပျင်းပါနဲ့။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုဆိုတာ ကိုယ်လက်လှုပ်ရှားမှု မပါလို့ မဖြစ်ပါဘူး။ တစ်ရက်ကို နာရီဝက်လောက် အားကစားပုံမှန်လုပ်ပေးခြင်းအားဖြင့် စိတ်ရောလူပါ ကျန်းမာရွှင်လန်းစေသလို မလိုအပ်တဲ့အဆီတွေ စုဝေးတာမျိုး မဖြစ်တော့ပါဘူး။

(၅) တရားထိုင်ပါ

meditate

Photo: Unsplash

စိတ်ကျန်းမာရေး အလေးပေးဖို့ကလည်း ၂၀၂၂ ခုနှစ်ရဲ့ Plan အနေနဲ့ ပါဝင်သင့်ပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ကို ကျန်းမာငြိမ်းချမ်းအောင် ထိန်းညှိဖို့ နည်းလမ်းရှာရတော့မှာပါ။ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းက တရားထိုင်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်တရားထိုင်ခြင်းအားဖြင့် စိတ်ရဲ့ ငြိမ်းအေးမှု ၊ စိတ်အဆင့်မြင့်မားမှုကို ခံစားလာရမှာပဲ ဖြစ်ပါတယ်။

Featured Photo: iStock