ထူထူစင်းစင်း မျက်ခုံးမွေးပိုင်ရှင်တွေ ဖြစ်ချင်ကြမှာပါ။ အခုနောက်ပိုင်းမှာ မျက်ခုံးမွေးလိမ်း Serums တွေပေါ်လာတာကလည်း သတင်းကောင်းပါ။ တံဆိပ်အမျိုးမျိုး ကွဲပေမယ့် ဒီ Serum တွေမှာ ပါဝင်တဲ့ ပစ္စည်းတွေက အတူတူပါပဲ။ Biotin ၊ Panthenol ၊ Amino Acids နဲ့ အမွေးအမှင်နူးညံ့သန်စွမ်းစေတဲ့ အဆီ Oils တွေ ပါဝင်ပါတယ်။ ဒီတစ်ခါမှာ မျက်ခုံးမွေးကောင်းချင်သူတွေအတွက် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) သဘာဝအဆီ သုံးပါ

Photo: Freepik

သဘာဝအဆီနဲ့ အပင်ထွက် အဆီတွေက အမွေးအမှင်သန်စွမ်းရေးမှာ ကုန်ကျစရိတ်နည်းနည်းနဲ့ ထိရောက်မှုရှိပါတယ်။ သုံးရတာလည်း လွယ်ပါတယ်။ သံလွင်ဆီ ၊ ဗိုက်တာမင်အီးအဆီ စတဲ့ သဘာဝအဆီကို မျက်ခုံးပေါ် ပုံမှန် လနဲ့ချီ လိမ်းပေးသွားရင် ထူးထူးခြားခြား မျက်ခုံးမွေးကောင်းလာမှာပါ။ မျက်ခုံးမွေးရဲ့ သန်စွမ်းမှုစက်ဝန်းဟာ ၄ လ ကြာပါတယ်။ ဒါကြောင့် လနဲ့ချီပြီး Natural Oil လိမ်းပေးရင် သိသိသာသာ ထူးခြားလာမှာ ဖြစ်ပါတယ်။

(၂) စားသောက်ပုံ ပြောင်းပါ

Photo: Freepik

Diet ကလည်း လူရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ သန်စွမ်းကျန်းမာရေးမှာ အခရာကျတဲ့အရာ ဖြစ်ပါတယ်။ မျက်ခုံးမွေးသန်စွမ်းဖို့ ဆိုရင် အဓိကလိုအပ်တဲ့ ဓါတ်တွေက သံဓါတ် ၊ ဇင့်ဓါတ်နဲ့ ပရိုတိန်းဓါတ်ပါပဲ။ သံဓါတ်က ကိုယ်တွင်းမှာရှိတဲ့ သွေးနီဆဲလ်တွေ အောက်ဆီဂျင်သယ်ပို့ဖို့ ကူညီပေးပါတယ်။ သံဓါတ်ကို အစိမ်းရောင် အသီးအရွက်တွေ ၊ လတ်ဆတ်တဲ့ အသားငါး နဲ့ နို့တစ်ဖန်ခွက်ကောင်းကောင်း သောက်ရင် ရပါတယ်။

ပရိုတိန်းဓါတ်ကလည်း အမွေးအမှင်ဆံအိတ်လေးတွေ အားကောင်းဖို့အတွက် အရေးပါပါတယ်။ ပရိုတိန်းအတွက် ကြက်ဥ ၊ အသားနဲ့ အစေ့အဆံတွေ စားပေးသင့်ပါတယ်။ ဇင့်ဓါတ်ကတော့ ဆံပင်တစ်သျှူးတွေ ကြီးထွားရေးနဲ့ ပြန်လည်သန်စွမ်းရေးမှာ အရေးကြီးပါတယ်။ ဇင့်ဓါတ်ချို့တဲ့ရင် ဆံပင်ကျွတ်ပါတယ်။ ဇင့်အတွက် ပဲနီလေး ၊ အမဲသားနဲ့ ဟင်းနုနွယ်ရွက်တွေ စားပေးသင့်ပါတယ်။

ကျန်တဲ့ ဗိုက်တာမင်တွေအနေနဲ့ ဆံပင် သန်စွမ်းကျန်းမာစေတဲ့ ဗိုက်တာမင်အေ (ကန်စွန်းဥ ၊ မုန်လာဥနီ) ၊ မျက်ခုံးမွေး နက်မှောင် ထူထဲစေတဲ့ ဗိုက်တာမင်အီး ( အယ်လ်မွန် ၊ ဟင်းနုနွယ်) နဲ့ ဦးရေပြား ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်မယ့် အိုမီဂါသရီး ဖက်တီးအက်ဆစ် (ထောပတ်သီး ၊ ဆယ်လ်မွန်) တို့ စားပေးရမှာ ဖြစ်ပါတယ်။

(၃) မျက်ခုံးကို ဆေးရောင်ဆိုးပါ

Photo: Freepik

မျက်ခုံးမွေး ချက်ချင်းထူလာသယောင် ဖြစ်စေဖို့ မျက်ခုံးမွေးကိုလည်း ဆေးဆိုးလို့ ရပါတယ်။ ဆံပင်နက်ဆေး ဆိုးသလိုပါပဲ။ ဒါကလည်း Grooming လုပ်တာ ဖြစ်ပါတယ်။ တစ်ခုရှိတာက မျက်ခုံးမွေးတို့ ဆံပင်တို့ကို ဆေးဆိုးတာက ၃ ပတ်ကနေ ၈ ပတ်အကြားပဲ ခံပါတယ်။ နောက်ပြီး Biotin လို ဖြည့်စွက်ဆေးတွေလည်း ကျန်းမာရေးအတွက်စားပေးသင့်ပါတယ်။

(၄) စိတ်ဖိစီးမှု နည်းပါစေ

Photo: Freepik

စိတ်ဖိစီးမှုနည်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ၊ တရားထိုင်ခြင်းနဲ့ ယောဂလှုပ်ရှားမှုတွေကလည်း မျက်ခုံးမွေးနဲ့ ဆံပင်ကျန်းမာသန်စွမ်းရေးအတွက် ထိရောက်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ အိပ်ရေးဝအောင် အိပ်ပါ။ စိတ်ပင်ပန်းမှုနဲ့ ဖိစီးမှုတွေ တတ်နိုင်သမျှ လျှော့ချပါ။