လူတစ်ယောက်ရဲ့ ကျန်းမာရေးမှာ အစာခြေစနစ်ကလည်း အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ အစာကောင်းစွာချေဖျက်နိုင်မှ စားလိုက်တဲ့ အစာတွေဆီကနေ အာဟာရတွေ ပြည့်ဝစွာ စုပ်ယူနိုင်မှာဖြစ်သလို ဝမ်းမှန်ပြီး ကိုယ်တွင်းအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်မှ အားအင်တွေ ပြည့်ဖြိုးပြီး တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေမှာပါ။ ဒါကြောင့် အစာခြေစနစ်က လူတွေအတွက် အရေးပါတာပါ။

Kwee page က အစာခြေစနစ် ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် နည်းလမ်းကောင်းလေးတွေညွှန်ပေးလိုက်ပါတယ်။

အမျှင်ဓာတ်များများစားပေးပါ

Source: HelpGuide.org

အမျှင်ဓာတ်ဟာ အစာခြေစနစ်အတွက် အထောက်အကူပြုတဲ့ နေရာမှာ ထိပ်ဆုံးကပါဝင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေက အစာကြေဖို့ မြန်တယ်၊ အစာအိမ်က ချေဖျက်ပေးရတာလည်း လွယ်ကူစေပါတယ်။ အာဟာရဓာတ်တွေကို လျင်မြန်စွာ စုပ်ယူပေးနိုင်တယ်။ ဒါ့အပြင် အမျှင်ဓာတ်စာတွေကို များများစားပေးရင် ဝမ်းချောင်တယ်၊ သွေးဝမ်းသွားတာမျိုး မဖြစ်စေဘူး၊ အစာအိမ်မှာ ဖြစ်တတ်တဲ့ အနာတွေ၊ အူမကြီးနံရံမှာ ဖြစ်တတ်တဲ့ အိတ်ကလေးတွေ၊ လိပ်ခေါင်းရောဂါတွေကို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်နော်။ အမျှင်ဓာတ်ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ စပါး၊ ဂျုံတွေကနေ ရရှိနိုင်ပါတယ်။

ရေများများ သောက်ပေးပါ

Source: Ask The Scientists

ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်တဲ့အခါ အစာအိမ်က အစာချေဖျက်ဖို့ ပိုအားစိုက်ရတဲ့အပြင် ဝမ်းချုပ်တွေဖြစ်တက်ပါတယ်။ ပူတဲ့ ရာသီဥတု၊ နေရာဒေသမှာ နေတဲ့သူတွေဆိုရင် ပိုပြီးတောင် ချွေးထွက်လွယ်လို့ ရေဓာတ်ဆုံးရှုံးဖို့ ပိုလွယ်ကူတာပေါ့။ ဒါ့ကြောင့် အစာခြေစနစ်ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း နည်းနည်းစီ စားပေးရင် ရေဓာတ်ကို ဖြည့်ပေးနိုင်တဲ့အပြင် အာဟာရဓာတ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပေးပါ

Source: KUTV

လှုပ်ရှားမှုမရှိဘဲနေခြင်းဟာ ရေရှည်မှာ အစာခြေစနစ်သာမက ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်ဆိုတာပါပဲ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်တယ်၊ ဝမ်းချုပ်တာကို ကာကွယ်ပေးနိုင်တယ်။ ဒါကြောင့် တစ်နေ့ကို နာရီဝက်လောက်ဖြစ်ဖြစ် ကိုယ်လက်လေ့ကျင့်ခန်းလေး လုပ်ပြီး လှုပ်လှုပ်ရှားရှားနေပေးပါ။

အစာကို သေချာကျေညှက်အောင်ဝါးစားပါ

Source: Bell-Wellness-Center

အစာကျေညှက်အောင် ဝါးစားခြင်းဟာ အစာအိမ်က အစာကောင်းစွာ ချေဖျက်ပေးနိုင်ဖို့ကို ကူညီပေးခြင်းဖြစ်ပါတယ်။ အစာဝါးနေတဲ့အချိန် ပါးစပ်ထဲက ထွက်လာတဲ့တံတွေးတွေဟာ အစာထဲမှာ ရှိနေတဲ့ ကစီဓာတ်နဲ့ အဆီဓာတ်ကို ဖြိုဖျက်ပေးလို့ အစာကြေမြန်ပါတယ်။