ဘယ်သူမဆို ဆွဲဆောင်မှုရှိတဲ့ Type မျိုးသဘောကျကြပါတယ်။ လူတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိနေဖို့က ခက်ခဲမယ်လို့ထင်ရပေမယ့် သေးသေးလေးတွေကစပြီး ပြင်ဆင်လိုက်မယ်ဆိုရင် သင်ဟာ အများအမြင်ဆွဲဆောင်မှုရှိတဲ့သူတစ်ယောက်ဖြစ်နေမှာပါ။ ကဲဒါဆိုဆွဲဆောင်မှုရှိဖို့ဘယ်အချက်တွေလိုက်နာရမလဲလေ့လာကြည့်ရအောင်။
(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါစေ

Source : Empoder
လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ကြောက်ရွံနေတာ မဝံ့မရဲဖြစ်နေတာမျိုးတွေက သင့်ရဲ့ ဆွဲဆောင်မှုကိုလျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်ကိုယ်ကို ယုံကြည်မှုရှိစွာအမြဲနေထိုင်ပါ။ လူတွေနဲ့စကားပြောတဲ့အခါမှာလည်း လက်ဆွဲနှုတ်ဆက်ပြီး ယုံကြည်မှုရှိရှိနဲ့ တည်ကြည်ပြတ်သားစွာပြောဆိုပါ။ အပြုသဘောဆောင်တဲ့ စကားတွေကိုပြောပါ။ လူတွေအပေါ်အကောင်းမြင်စိတ်ထားပြီး ချီးကျူးစကား ကျေးဇူးတင်စကားတွေကိုလည်းပြောပါ။ ဒါဆိုရင်သင်ဟာလူအများအမြင်မှာဆွဲဆောင်ရှိတဲ့လူတစ်ယောက်ဖြစ်စေမယ့်အပြင် လူချစ်လူခင်များတဲ့ လူတစ်ယောက်လည်းဖြစ်လာနိုင်ပါတယ်။
(၂) ဖက်ရှင်ကိုဂရုစိုက်ပါ

Source : Pixnio
ကိုယ်က ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဖက်ရှင်ကအရေးမကြီးပါဘူးဆိုတဲ့ အမြင်ကိုမေ့လိုက်ပါ။ ဘာကြောင့်လဲဆိုရင် ဖက်ရှင်က လူတစ်ယောက်ကို အများကြီးပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ ဈေးကြီးတဲ့ အဝတ်အစား ဘရန်းတွေဝယ်ဝတ်ဖို့ မလိုပဲ စတိုင်ကျကျဆွဲဆောင်ရှိချင်တယ်ဆိုရင် အဓိက ကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီမှုရှိတဲ့ အဝတ်အစားကိုရွေးချယ်ပါ။ ကိုယ်သွားမယ့်နေရာဒေသနဲ့ လိုက်ဖက်မှုရှိစွာဝတ်ဆင်ပါ။ အနံ့သက်ကင်းအောင်သေချာလျော်ဖွတ်ပြီး မီးပူကောင်းစွာတိုက်ကာ သပ်သပ်ရပ်ရပ်ဝတ်ဆင်ပါ။ အဝတ်အစားနဲ့လိုက်ဖက်တဲ့ ဖိနပ် ရှုးနဲ့ အသုံးဆောင်ပစ္စည်းတွေကိုလည်း သေချာလေးရွေးချယ်ဝတ်ဆင်ပါ။ ဒါဆိုရင်သေချာပေါက် ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်နိုင်ပါပြီ။
(၃) ခန္ဓာကိုယ်ကိုထိန်းသိမ်းပါ

Source : PhotoDune
Six Pack တွေရှိမှ ဆွဲဆောင်မှုရှိတဲ့ ပုံသဏ္ဍန်ပေါက်စေတာမဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို ပိန်လွန်းခြင်း ဝလွန်းခြင်းမရှိစေပဲ ဘော်ဒီအနေအထားကို အချိုးအစားကျအောင် ထိန်းသိမ်းသင့်ပါတယ်။ ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီနဲ့ ခန္ဓာကိုယ်အချိုးအစားလှပနေရင် ဆွဲဆောင်မှုရှိစေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်အားကစားလုပ်ဆောင်ပြီး ကျန်းမာကြံ့ခိုင်တဲ့ ဘော်ဒီကိုထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။
(၄) သပ်သပ်ရပ်ရပ်နေပါ

Source : HOLR Magazine
သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေခြင်းကလည်း ဆွဲဆောင်မှုရှိခြင်းတစ်မျိုးပါပဲ။ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဦးစားပေးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်အနံ့အသက်ဆိုးတွေမရှိခြင်း မျက်နှာပေါ်ကအမွေးအမျှင်များကို တစ်ပတ်တစ်ခါရိတ်ပေးခြင်း ဆံပင်ကိုသပ်သပ်ရပ်ရပ် ပုံသွင်းပေးခြင်း အသားအရေထိန်းသိမ်းခြင်းစတဲ့အရာတွေလုပ်ဆောင်ပေးပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ရုပ်ရည်သွင်ပြင်နဲ့ ပတ်သတ်ပြီး သပ်ရပ်မှုရှိအောင်နေဖို့အကြံပြုချင်ပါတယ်။
