ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခြင်းနဲ့အတူ တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အရင်ကထက် ပိုပြီး အရေးပါလာပြီ ဖြစ်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုရာမှာ လက်ဆေးတာလောက်တင် မဟုတ်ဘဲ သင့်ဖုန်းအပါအဝင် သင့်လက်နဲ့ မကြာမကြာ ထိတွေ့တဲ့ အရာဝတ္ထုတွေမှာလည်း ပိုးမွှားကင်းစင်ဖို့ဆိုတာပါ အရေးကြီးလာတာပါ။

အားလုံးသိတဲ့အတိုင်း ဖုန်းဆိုတာ နာရီနဲ့အမျှ နေ့စဉ် ကျွန်တော်တို့ လက်နဲ့ မပြတ်တမ်း ရှိနေတဲ့ အရာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်ကို လိုက်ပြီး တစ်ချို့မျက်နှာပြင်တွေမှာ ၉ ရက်အထိ ကြာအောင် ရှင်သန်နေနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကြာကြာနေနိုင်တဲ့ အရာဝတ္ထုတွေထဲမှာ သင့်ဖုန်းလည်း ပါပါတယ်။

Photo: CNN

ဒီတော့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ လက်ဆေးသလိုမျိုး သင့်ဖုန်းကိုလည်း ပုံမှန်လေး ပိုးသတ်ပေးဖို့ လိုပါတယ်။ iPhone တွေမှာ ပိုးသတ်ဖို့ဆိုရင် Clorox ဖြစ်စေ အရက်ပြန် ၇၀% ပါဝင်တဲ့ အလားတူ ပိုးသတ်ဆေးရည်နဲ့ ဖြစ်စေ ဖျန်းပြီး သတ်နိုင်ပါတယ်။ Samsung ကလည်း မိုက်ခရိုဖိုက်ဘာအဝတ်စလေးနဲ့ အယ်လ်ကို‌‌ဟော ၇၀% ပါတဲ့ သန့်စင်ဆေးနဲ့ သန့်ရှင်းနိုင်တယ်လို့ ဆိုပါတယ်။

ရေစိုခံဖုန်းတွေဆိုရင်တော့ မိုက်ခရိုဖိုက်ဘာ အဝတ်နုလေးမှာ ဆပ်ပြာရည်အနည်းငယ်ဆွတ်ပြီး သန့်ရှင်းပေးလို့ ရပါတယ်။ Tower နဲ့ တစ်သျှူးတွေကတော့ ဖုန်း display ကို အစင်းထင်စေပြီး အပေါ်မှန်ကို ပျက်စီးစေနိုင်လို့ ရှောင်သင့်ပါတယ်။ ရိုးရိုး ဖုန်းတွေကတော့ သာမန် အီလက်ထရွန်းနစ်ပစ္စည်း display တွေကို သန့်ရှင်းပေးရတဲ့ Sanitizer သန့်စင်ဆေးနဲ့ ရပါတယ်။
ဖုန်းမှန်ကို သန့်ရှင်းရေးလုပ်ချိန်မှာ စက်ဝိုင်းပုံ ပွတ်ပြီး သန့်ရှင်းရမှာ ဖြစ်သလို ဖုန်းအနားစွန်းတွေကိုလည်း သေသေချာချာ သန့်ရှင်းပေးဖို့ လိုပါတယ်။