Crush ရဲ့ အချစ်ပိုင်ဆိုင်နိုင်ဖို့ ဘာတွေလုပ်ရမလဲ ခေါင်းစားနေပြီလား။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ရဲ့ Crush လေးဆီကနေ တုန့်ပြန်မှုကောင်းဖို့ Crush ရဲ့ အချစ်ကိုရဖို့အတွက် အသုံးဝင်စေမယ့် အကြံပြုချက်တချို့ကို လက်တို့ပေးချင်ပါတယ်။

(၁) ဆွဲဆောင်မှုရှိအောင်နေပါ

Source : Showbiz Cheat Sheet

Crush လေးမျက်လုံးထဲမှာ ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုအပြည့်ရှိနေအောင် အရင်ဆုံးပြင်ဆင်သင့်ပါတယ်။ အဝတ်အစားသပ်သပ်ရပ်ရပ်နဲ့ စကားအပြောအဆို အမူအရာတွေအားလုံးက ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်အသွင်ဖြစ်နေရင် တစ်ဖက်မိန်းကလေးရဲ့ နှလုံးသားကို လှုပ်ခတ်စေမှာသေချာပါတယ်။ ဒါကြောင့် သူမအမြင်မှာ တည်ကြည်ခန့်ညားတဲ့ ကွီးတစ်ယောက်ဖြစ်နေဖို့လိုပါတယ်နော်။

(၂) မျက်လုံးကနေတဆင့် အချစ်တွေပြသပါ

Source : Mitsou Magazine

လူတစ်ယောက်နဲ့ စိတ်ချင်းနီးစပ်မှုရဖို့ဆိုရင် အရင်ဆုံးဆက်သွယ်နိုင်မယ့် အရာကတော့ မျက်လုံးပါ။ ဒါကြောင့် ကိုယ့် Crushလေးနဲ့ မျက်နှာချင်းဆိုင် စကားပြောတော့မယ်ဆိုရင် သူမရဲ့မျက်ဝန်းတွေကို ကြည့်ပြီးပြောဖို့မမေ့ပါနဲ့။ ဒီလိုလုပ်ခြင်းက သင်ဟာ သူမနဲ့စကားပြောရတာကို ဘယ်လောက်ထိ အလေးနက်ထားလဲ ပေါ်လွင်စေမှာအသေချာပါပဲ။

(၃) ခင်ဖို့ကောင်းသူတစ်ယောက်ဖြစ်ပါစေ

Source : Fatherhood Channel

Crushရဲ့ အချစ်ကိုရဖို့ဆိုရင် သူမနဲ့တွေ့ဆုံချိန်တိုင်း စကားပြောချိန်တိုင်းမှာ သူမကို ရယ်မောပျော်ရွှင်စရာဖြစ်စေမယ့် ဟာသလေးတွေနဲ့ စကားပြောသင့်ပါတယ်။ ဟာသဉာဏ်ရှိသူတွေဟာ မိန်းကလေးတွေအမြင်မှာ ခင်မင်ဖို့ကောင်းတဲ့သူတွေဖြစ်ပြီး သူမတို့အနေနဲ့လည်း ဒီလိုဟာသဉာဏ်ရှိသူတွေနဲ့ စကားပြောရတာမျိုးကို သဘောတွေ့တက်ကြပါတယ်။ ဒါ့အပြင် သူမနဲ့ သင့်ရဲ့ ကြားကဆက်ဆံရေးကိုလည်းပိုမိုရင်နှီးသွားစေတဲ့ခံစားမှုမျိုးရစေနိုင်ပြီး သူမရဲ့အချစ်ကိုရဖို့ အခွင့်အရေးပိုများပါတယ်။

(၄) သူမအကြိုက်တွေလေ့လာထားပါ

Source : The Fearless Man

လူတစ်ယောက်ရဲ့ အကြိုက်တွေကို သိနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဒါပေမယ့်သေချာ အချိန်ယူပြီးလေ့လာထားရင် သူမဘာတွေကြိုက်တယ် ဘယ်အရာတွေတော့မကြိုက်ဘူးဆိုတာ သိနိုင်ပါတယ်။ သူမနဲ့အတူရှိတဲ့အချိန်တွေမှာ သူမဘယ်လိုအရာတွေကြိုက်တက်လဲဆိုတာကို မသိမသာလေးမေးကြည့်ပါ။ အနည်းဆုံးတော့ သူမသောက်လေ့ရှိတဲ့ကော်ဖီအမျိုးအစားလောက်သိထားဖို့လိုအပ်ပြီး ကော်ဖီဆိုင်အတူတူထိုင်တဲ့အခါ သူမကြိုက်တဲ့ကော်ဖီကိုမှာပေးတာမျိုးက သင့်ကိုတကယ်ပဲကြွေစေနိုင်ပါတယ်။