ကိုရိုနာဗိုင်းရပ်စ်နဲ့ အတူ လူတွေရဲ့ နေမှုပုံစံတွေ ပြောင်းလဲသွားပြီ ဖြစ်ပါတယ်။ မြို့တွေ အဝင်အထွက်ပိတ် Lockdown ချ ၊ လူတွေ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခြားခြားနေရပြီး Social Distancing လုပ်နေရချိန်မှာ မကြုံဖူးတဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖိအားဒဏ်ကို အားလုံးလိုလို အနည်းနဲ့ အများဆိုသလို ခံစားနေရပါတယ်။
Social Distancing ကြောင့် လူတွေနဲ့ ခပ်ဝေးဝေး ရှောင်ရှားနေရချိန်မှာ စိတ်ဖိစီးမှုတွေ များနေတယ်။ မွန်းကြပ်ပိတ်လှောင်နေတယ်လို့ ခံစားရရင် ဒါတွေကို ဖြေရှင်းဖို့ ဒီနည်းလမ်းတွေ သုံးကြည့်သင့်ပါတယ်။
(၁) အသက်ရှုပါ
Photo: experiencelife
အသက်ရှုကုထုံးဟာ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးနောက်ကျိနေမှုကို တည်ငြိမ်သက်သာစေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဒီအလေ့အကျင့်ကတော့ ရောက်လေရာ နေရာတိုင်းမှာ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းမျိုးပါ။ တစ်ချို့တွေကတော့ အသက်ရှုမှုကို အာရုံပြုပြီး စိတ်ကို ငြိမ်အောင် ထားတဲ့ အလေ့အကျင့်ကောင်းတွေ လုပ်လေ့ရှိပါတယ်။ တစ်ချို့ကလည်း ယောဂဆန်ဆန် အသက်ရှုမှုပုံစံ လေ့ကျင့်ကြပါတယ်။
(၂) လှုပ်ရှားပါ
Photo: Mensxp
ကျန်းမာဖျတ်လတ်တဲ့ ကိုယ်ခန္ဓာဟာ စိတ်ကြည်လင်စေတဲ့ လက်ခံကောင်တစ်ခုလိုပါပဲ။ ဒီလို ကျန်းမာတဲ့ ကိုယ်ခန္ဓာ ဖြစ်စေဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ လိုပါတယ်။ မိသားစုတွေနဲ့ အတူနေတဲ့ သူတွေဆိုရင် မနက်ပိုင်း ယောဂအတူတူ ကျင့်တာ ၊ အေရိုးဗစ်ကစားတာ စသည်ဖြင့် အဖွဲ့လိုက် လုပ်ဆောင်နိုင်တဲ့ အားကစားလေးတွေ လုပ်ပေးသင့်ပါတယ်။
(၃) အဆက်အသွယ် အမြဲရှိပါစေ
Photo: Freepik
တကယ်လို့ မိသားစုနဲ့ မိတ်ဆွေတွေဟာ အဝေးတစ်နေရာမှာ ရောက်နေတယ်ဆိုရင် Zoom ၊ Messenger ၊ Face Time စတဲ့ video chat ပလက်ဖောင်းတွေကနေ မကြာခဏ ဆက်သွယ်ပါ။ အတူတူ ရှိနေတယ်ဆိုရင်တော့ ရုပ်ရှင်အတူ ကြည့်တာ ၊ ထမင်းဟင်း အတူတူ ချက်ပြုတ်တာ ၊ ဉာဏ်စမ်းကစားပွဲတွေ လုပ်တာမျိုး လုပ်သင့်ပါတယ်။
(၄) အချိန်ကို အကျိုးရှိအောင် လုပ်ပါ
Photo: Pixabay
တစ်ယောက်တည်းဖြစ်နေရင်လည်း Social Distancing မှာ ပျော်အောင် ၊ အကျိုးရှိအောင် နေလို့ ရပါတယ်။ တစ်ယောက်တည်း အထီးကျန်နေတယ်ထင်ရင် စာအုပ်တစ်အုပ်ဖတ်တာ ၊ ဘာသာစကားသစ် သင်ယူတာ ၊ မျက်နှာ/အသားအရေ အလှပြင်တာ ၊ ရုပ်ရှင်ကားကောင်းတွေ ကြည့်တာနဲ့ စိတ်အေးချမ်းအောင် တရားရှုမှတ်တာမျိုး လုပ်သင့်ပါတယ်။ Social Distancing ပြီးရင် ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် အခန်းထဲက ထွက်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။