ပိုက်ဆံစုတယ်ဆိုတာ ကိုယ့်အနာဂါတ်အတွက်ကိုယ် ရင်းနှီးမြှပ်နှံတာပဲ ဖြစ်ပါတယ်။ တချို့တွေက အသက်ကြီးလာတဲ့အခါ မတောင့်တရအောင် ပိုက်ဆံ စုကြပြိး တချို့တွေကျတော့ တစ်ခုခု ဝယ်ဖို့ ၊ ဒါမှမဟုတ်လည်း လုပ်ငန်းတစ်ခုခု စတင်ဖို့ ပိုက်ဆံစုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံစုတယ်ဆိုတာကတော့ ငွေကြေးဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပိုက်ဆံပိုစုဖြစ်စေဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
(၁) ရိုးရှင်းတဲ့ Lifestyle နဲ့ နေထိုင်ပါ
Photo: Unsplash
ပိုက်ဆံသိပ်မသုံးရတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ကြည့်ဖို့ ပြောချင်ပါတယ်။ ရိုးရှင်းတဲ့ဘဝဆိုတာ တန်ဖိုးကြီး အဝတ်အစားတွေ ၊ ပလွှားဝါကြွားတဲ့ နေထိုင်မှုပုံစံတွေ မပါဘဲ နေထိုင်မှုကို ဆိုလိုတာပါ။ ဖုန်းမော်ဒယ်သစ်ထွက်တိုင်း ဝယ်ချင်တာမျိုး ၊ ဈေးကြီးတဲ့ စားသောက်ဆိုင်တွေမှ ထိုင်ချင်တာမျိုး စတဲ့ နေ့စဉ်ဘဝထဲက ပိုက်ဆံအကုန်အကျများစေတဲ့ အပြုအမူလေးတွေကို ရှောင်နိုင်ရင်ပဲ အတော်လေးကို ငွေကုန်ကြေးကျ သက်သာလာနိုင်ပါတယ်။
(၂) ကိုယ့်ဘာသာ ချက်စားပါ
Photo: Unsplash
အပြင်စာတွေက ရံဖန်ရံခါ စားတာမျိုးပဲ အဆင်ပြေပါတယ်။ ဆိုင်မှာ စားတဲ့ အစားအသောက်တွေက ဈေးကြီးပါတယ်။ အစားအသောက်ဆိုတာ နေ့စဉ် ကိစ္စဖြစ်ပါတယ်။ အာဟာရဖြစ်အောင် စားဖို့က လိုရင်းပဲ ဖြစ်လို့ ကိုယ့်ဘာသာ သေချာစီမံချက်ပြုတ်ပြီးလည်း စားနိုင်တာပါပဲ။ ဒီလိုမျိုး အိမ်မှာ ချက်စားဖြစ်တာကနေ ငွေကုန်ကြေးကျနည်းလာပြီး ငွေပိုငွေလျှံလေးတွေ ထွက်လာနိုင်ပါတယ်။
(၃) ပုံမှန်ငွေစာရင်းထားပါ
Photo: Unsplash
ကိုယ့်ရဲ့ တစ်လတစ်လ ဘတ်ဂျက်စာရင်းလေး ထားပြီး တစ်ရက်ကို ငွေဘယ်လောက် သုံးဖြစ်တယ် ၊ ဘယ်နေရာတွေမှာ ပိုက်ဆံဘယ်လောက် သုံးဖြစ်တယ်ဆိုတာမျိုးကို သေချာပြန်တွက်ကြည့်ပါ။ ဒါဆိုရင် မလိုအပ်ဘဲ ပိုက်ဆံသုံးနေမိတာတွေ တွေ့လာရမှာပါ။ ပိုက်ဆံကို စာရင်းနဲ့အင်းနဲ့ သုံးခြင်းအားဖြင့် တစ်လအတွက် အသုံးစရိတ်ဘယ်လောက်ထားမယ် ၊ ဘယ်လောက်ငွေကို ဘယ်နေရာမှာ စုမယ်ဆိုတာမျိုး လုပ်ဖြစ်ဖို့ ပိုအလားအလာ များလာပါလိမ့်မယ်။
(၄) ငွေစုအစီအစဉ်လေး လုပ်ပါ
Photo: Unsplash
ရှာလို့ ရသမျှငွေထဲက ရာခိုင်နှုန်းဘယ်လောက်တော့ စုမယ်ဆိုပြီး တွက်ချက်စုဆောင်းတာမျိုး လုပ်ပါ။ စုမယ်ဆိုရင်လည်း ဘဏ်လိုမျိုးမှာ ပုံမှန်စုဖြစ်အောင် စုတာက ပိုထိရောက်ပါတယ်။ ငွေစုရာမှာ ပိုပြီး စိတ်အားတက်ကြွစေဖို့အတွက် Saving Goals လေးတွေ ထားပြီး စုပါလို့လည်း ပြောချင်ပါတယ်။
Featured Photo: walletgenius