မသေချာမရေရာမှုတွေ တင်းကြမ်းပြည့်နှက်ခဲ့ပြီး ခက်ခဲခဲ့တဲ့ နှစ်တစ်နှစ်ကတော့ ကုန်ဆုံးခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်ကိုတော့ ပျော်ရွှင်ချမ်းမြေ့ အောင်ပွဲတွေ့မယ့်နှစ်ဖြစ်အောင် ကြိုးစားရဦးမှာပါ။ ဒီလိုမျိုး အောင်မြင်မှုတွေ ရနိုင်ဖို့ ကိုယ့်ဘက်က လိုအပ်တဲ့ ပြင်ဆင်မှုတွေလည်း လုပ်ဖို့ လိုပါတယ်။ ဘယ်လို အချက်လေးတွေ ပြင်ရမလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၁) ပြောင်းလွယ်ပြင်လွယ် ရှိပါစေ

Hand Symbolic

Photo: Unsplash

အပြောင်းအလဲများလွန်းတဲ့ နည်းပညာခေတ်ကြီးမှာ အလိုက်သင့် ပြောင်းလွယ်ပြင်လွယ်ရှိဖို့ သိပ်အရေးကြီးပါတယ်။ အခုခေတ်မှာ လူတွေဟာ အသစ်ပေါ်ထွက်လာတဲ့ အပြောင်းအလဲတွေနဲ့ အလိုက်အလျားသင့် ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အဆင်သင့်ပြင်ထားဖို့ လိုလာပြီ ဖြစ်ပါတယ်။ အပြောင်းအလဲကြောင့် ပေါ်လာတဲ့ အခွင့်အလမ်းတွေကို ဖမ်းဆုပ်နိုင်အောင် လေ့လာမှု လုပ်ထားပါလို့ ပြောချင်ပါတယ်။

(၂) ခေတ်နဲ့ မျက်ခြေမပြတ်ပါစေနဲ့

Using Social Media

Photo: Unsplash

၂၀၂၁ မှာ ဆိုးရွားလှတဲ့ ကိုဗစ်ကပ်ရောဂါဘေးဂယက်ကို ဘယ်သူမှ တိတိကျကျ ခန့်မှန်းတွက်ချက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကပ်ဘေးကာလဟာ စီးပွားရေးလုပ်ငန်းတချို့ကို ပြိုလဲစေခဲ့ပြီး နည်းပညာနဲ့ လုပ်ငန်းသစ်တွေကို အဖူးအညှောင့်ကနေ အပင်ပေါက်စေခဲ့ပါတယ်။ ဒီလို ရေစီးကြောင်းသစ်တွေဟာ လူတွေရဲ့ နေထိုင် စားသောက် လုပ်ကိုင် ဆက်သွယ်မှုပုံစံကိုပါ ပုံဖော်နိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်သစ်မှာ အောင်မြင်ချင်ရင် ၂၀၂၂ ခုနှစ်မှာ Trends တွေကို အမြဲနားလည်ကျွမ်းဝင်ပြီး သတင်းအချက်အလက်တွေ လက်မလွတ်စေဖို့လည်း လိုပါတယ်။

(၃) သင်ယူမှုကို ရပ်မပစ်လိုက်ပါနဲ့

Work With Computer

Photo: Unsplash

အောင်မြင်တိုးတက်ချင်ရင် သင်ယူမှုကို ဘယ်တော့မှ မရပ်လိုက်ဖို့ လိုပါတယ်။ ဘယ်လောက်ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေပါရစေဦးတော့ တိုးတက်ချင်စိတ် အရင်းတည်ပြီး သင်ယူမှုမပြတ်လုပ်ပါ။ ဘဝထဲကရော လူတွေဆီကနေပါ သင်ယူပါ။ Offline ရော Online မှာပါ သင်ပါ။ သင်ထားတဲ့ အတွေ့အကြုံတွေဟာ သင့်ဘဝကို ကြီးပွားတိုးတက်စေမယ့် အ‌ကောင်းမွန်ဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခုပဲဆိုတာ မမေ့စေချင်ပါဘူး။

Featured Photo: thirdstage